INGO တွေ လုပ်ငန်းခွင့်ပြုချက်ရယူရေး ရခိုင်ပြည်နယ်အစိုးရ ဆုံးဖြတ်

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက လူမှုရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ အကူအညီပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ပြည်နယ်အဆင့် အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရဲ့ သဘော တူညီချက်ကို ရယူရမှာဖြစ်တယ်လို့ ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးက ဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်ခဲ့တဲ့ ECC အဖွဲ့ဝင် စစ်တွေမြို့ဒေသခံ ဦးသန်းထွန်းက RFA ကို အခုလိုပြောပါတယ်။

"UN၊ INGO တွေဟာ လုပ်ငန်းပြန်လည်စတင်တော့မယ်ဆိုရင် ဘယ်ဒေသကို ဘယ်လိုအကူအညီတွေ ဘယ်လောက်ပေးမယ်ဆိုတာကို အနည်းဆုံး တစ်ပတ်စာလောက်တော့ တင်ပြပြီးမှသာလျှင် ECC သဘောတူညီချက်ရမှသာလျှင် လုပ်ဆောင်ကြဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိတယ်"

ဒါ့အပြင် Malteser International အဖွဲ့အစည်းနဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကိုလည်း ခွင့်မပြုဖို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို တစ်လနီးပါးကြာအောင် ရပ်နားထားခဲ့ရတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။