အင်းလေးမှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

အင်းလေးဟိုတယ်ဇုန် စီမံကိန်းကြောင့် မြေသိမ်းခံ ထားရတဲ့ ဒေသခံတောင်သူ ၂ဝဝ ကျော် ဟာ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ကန်ပဲ့ကျေးရွာ အရှေ့ဖက်က လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

အာဏာပိုင်ဖက်တွေက မြေသိမ်းခံတောင်သူတွေကို ဘယ်လိုမှညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်တာကြောင့် အခုလိုထွန်တုံးတိုက်ပွဲ ဆင်နွှဲရတာဖြစ်တယ် လို့ ဒေသခံတောင်သူ ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒီထွန်တုံးတိုက်ပွဲကို ၈၈ မျိုးဆက်သစ် (ရှမ်းပြည်နယ်)၊ ဒေသခံ NLD ပါတီဝင်တွေနဲ့ သလဲဦးကျေးရွာအုပ်စုမှ ကန်ပဲ့၊ အင်ကြင်းကုန်းနဲ့ ဝက်သားကင်ကျေးရွာတွေက ဒေသခံတောင်သူ ၂ဝဝ ကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဆက်လက်စိုက်ပျိုးသွားမယ်လို့ ကန်ပဲ့ကျေးရွာမှ ဒေသခံတောင်သူ မထွေးက RFA ကို ပြောပါတယ်။

ဒီနေ့ ထွန်တုံးတိုက်ပွဲကို ရဲတပ်ဖွဲ့ဝင် ၆ဝ ကျော်လောက် လာရောက်ကြည့်ရှုခဲ့ပေမယ့် ဟန့်တားမှုတွေတော့ မရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်ကစတင်အကောင်အထည်ဖော်ခဲ့တဲ့ အင်းလေးဟိုတယ်ဇုန်စီမံကိန်းဟာ အကျယ်အဝန်း ၆၂၂ ဧကရှိပြီး၊ အဲဒီစီမံကိန်းနေရာမှာပါဝင်တဲ့ လယ်ယာမြေတွေဟာ အင်းလေးဒေသက ချောင်းပါး၊ ဝက်သားကင်၊ ညောင်ဝန်း၊ ဘုရားဖြူ၊၊ ကန်ပဲ့နဲ့ အင်ကြင်းကုန်းစတဲ့ ကျေးရွာတွေက တောင်သူတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာတွေဖြစ်သလို ဘုန်းကြီးကျောင်း ၁၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေလည်း အသိမ်းခံရတဲ့မြေတွေမှာ ပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။