မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာခဲ့တာ နှစ် နှစ်ရှိပြီဖြစ်ပေမယ့် ဒီမိုကရေစီ နဲ့ လူူ့အခွင့်အရေးဆိုင်ရာ ကူညီဆောင်ရွက်နေသူတွေဟာ အရပ်ဝတ် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ စောင့်ကြည့်ခံနေရဆဲပဲလို့ AP သတင်းက ဖော်ပြပါတယ်။
နိုင်ငံရေးပါတီဝင်တွေ၊စာနယ်ဇင်းသမားတွေ၊စာရေးဆရာတွေ၊ သံအမတ်တွေဟာ ဆိုင်ကယ်နဲ့နောက်ယောင်ခံ လိုက်တာတွေ၊ တယ်လီဖုန်းကြားဖြတ်နားထောင်တာတွေ နဲ့ ကြုံနေဆဲဖြစ်ပြီး၊ လက်ဘက်ရည်ဆိုင်တွေမှာ လည်းခါတိုင်း တွေ့မြင်နေကျ ထောက်လှမ်းရေးတွေကို တွေ့နေရဆဲလို့ ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးက"အရင်ကလောက် မဆိုးတော့ပေမဲ့၊ သိပ်အနှောက်အယှက်ဖြစ်ပါတယ်၊ ကျနော်တို့ကို ရာဇဝတ်မှုကျူးလွန်သူတွေလို ပြုမူတာတွေ၊ မိသားစုကို ခြိမ်းခြောက်တာတွေရှိပါတယ်၊ ဒါမျိုးတွေ မရှိသင့်တော့ပါဘူးလို့ ပြောပါတယ်။ "
မြေသိမ်း ယာသိမ်းခံခဲ့ရသူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုကလည်း
"ဘယ်သွားသွား ဘာလုပ်လုပ် ထောက်လှမ်းရေးကို အရင်ပြောခဲ့ရတယ်လို့ဆိုပါတယ်။ "
HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ဒေးဗစ် မက်သီဆန်က - ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အရေအတွက် အရင်ကထက် ထိုးကျသွားခဲ့ပေမယ့် အဖမ်းအဆီးသတင်းတွေကတော့ ရရှိနေဆဲဖြစ်ကြောင်း၊ ထောက်လှမ်းရေး တွေ ဟာ အသွင်ကူးပြောင်းရေးကို နောက်ဆုံးမှ လက်ခံမယ့်သူတွေဖြစ်ကြောင်း ပြောပါတယ်။
အခုအခါ ထောက်လှမ်းရေး အရေအတွက် ဘယ်လောက်ရှိသလဲ မသိရပေမယ့် အနည်းဆုံး စစ်ထောက်လှမ်းရေး နဲ့ အထူး ထောက်လှမ်းရေးအဖွဲ့နှစ်ဖွဲ့ကတော့ဆက်လက်လှုပ်ရှားနေကြဆဲ လို့ ယူဆနေကြပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးရဲထွဋ် ကတော့ အရင်ခေတ် ကုန်သွားပြီဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေကို ထောက်လှမ်းရေးကစောင့်ကြည့်တာတွေမရှိတော့ကြောင်း၊ မှားယွင်းတဲ့ မှန်းဆချက်တွေ၊ အထင်အမြင်တွေကလာတဲ့ ပြောဆိုချက်တွေသာဖြစ်ကြောင်း AP သတင်း ကိုပြောဆိုပါတယ်။