မြန်မာနိုင်ငံဒေသအနှံအပြား နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ကျင်းပမည်

အခုလာမယ့် စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အရပ်ဘက် လူ့အဖွဲ့အစည်း (၂၃) ဖွဲ့ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ လှုပ်ရှားမှုတွေကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေသံလွင်ကွန်ဒိုမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-09-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
international-peace-day-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကင်းမြို့နယ်ရှိ ရွှေသံလွင်ကွန်ဒိုတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့၌ ပြုလုပ်မည့် ပြည်တွင်းစစ်ရပ်စဲရေး လှုပ်ရှားမှုအစီအစဉ် ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိကတာဝန်ရှိတဲ့အတွက် ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဒီပွဲဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Peace Network အဖွဲ့က မခင်စန္ဒာညွှန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်မတို့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး စစ်ပွဲချက်ခြင်းရပ်ဖို့ ရည်ရွယ်ရတာလဲဆိုတော့ လက်ရှိမှာက ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တွေထိုးတယ်။ အပစ်အခတ်ရပ်စဲရေးအတွက်။ သို့သော်ငြားလည်း သေနတ်မဖောက်တဲ့နေရာဆိုတာ ရှားပါတယ်။ ဆက်ပြီးဖြစ်နေတယ်။ အဓိက ဘာကိုရည်ရွယ်သလဲဆိုတော့ ကာချုပ်ကို ရည်ရွယ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှာ သမ္မတကြီး ဦးသိန်းစိန်ပါတယ်။ ကာချုပ်ပါတယ်။ တခြားသက်ဆိုင်ရာ အသီးသီးက ထိပ်သီးပုဂ္ဂိုလ်တွေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိကဦးစီးပြီး လုပ်နေတယ်ဆိုသော်ငြားလည်း တဖက်မှာက တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒီဟာကိုရပ်ဖို့ Command ပေးတဲ့အပိုင်းက မလုပ်သလိုမျိုး ကျွန်မတို့က ပွင့်ပွင့်လင်းလင်း မြင်တယ်။ အခုဒီရည်ရွယ်ချက်က ပြည်တွင်းစစ်ကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခြွင်းချက်မရှိ ချက်ခြင်းရပ်တန့်ဖို့ ကျွန်မတို့ ရည်ရွယ်ပါတယ်"

စက်တင်ဘာလ (၂၁) ရက်နေ့မှာပဲ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သမ္မတအိမ်တော်နဲ့ လွှတ်တော်အဆောက်အဦးရှေ့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးမရန်ဂျော်ဂွန်းက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ကတော့ ပထမဆုံး ကျွန်တော်တို့ သမ္မတကို ရည်ရွယ်တယ်။ ဒီမိုကရေစီ ကျင့်သုံးပြီးလက်ခံတဲ့ နိုင်ငံမှာဆိုရင် စစ်ပွဲတစ်ပွဲဟာ လွှတ်တော်ကနေ ခွင့်ပြုချက်မရဘဲ တိုက်လို့မရပါဘူး။ လွှတ်တော်ခွင့်ပြုချက်နဲ့ တိုက်နေကြတာပါ။ ဒါက ကျွန်တော်တို့ ရန်တိုက်ပေးခြင်းလည်း မဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ပွဲတွေက အဓိက အခရာကျတာက ကာကွယ်ရေးဦးစီးချုပ်ပါ။ အဲဒီဘက်ကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။ အဲဒီအချိန်မှာ လွှတ်တော် အစည်းအဝေးလည်း ရှိမှာ မဟုတ်ပါဘူး။ သမ္မတလည်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရှိနေတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သွားမယ်ဆိုတဲ့အကြောင်း အကြောင်းကြားပြီး တောင်းဆိုပါတယ်"

(၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ပန်းရဲ့လမ်းဂီတအဖွဲ့၊ ကဗျာဆရာများသမဂ္ဂ၊ အဖြူရောင်တွဲလက်များ၊ စိမ်းရောင်စိုအဖွဲ့ စတဲ့ နိုင်ငံတ၀ှမ်းက အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးတေးသီချင်းဆိုတာတွေ၊ ကဗျာရွတ်တာတွေ၊ (၂၄)နာရီ ဆုတောင်းတာတွေ၊ ဂျိုးငှက်လွှတ်တာတွေ၊ ဗီဒီယိုပြတာတွေ ပြုလုပ်ကြမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ တခြားအဖွဲ့အစည်းတချို့ကလည်း အဲဒီနေ့ မနက်ပိုင်းမှာ ဆူးလေဘုရားကနေ စုပေါင်းလမ်းလျှောက်ကာ ညနေ(၄)နာရီမှာ အင်လျားကန်ဘောင်အရောက် ငြိမ်းချမ်းရေး ဆုတောင်းမူတွေ ပြုလုပ်မှာဖြစ်ပြီး အမှတ်တရကျောက်တိုင် စိုက်ထူကြမယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

It supposed to be... I agree 1000 times 100% agree, please STOP civil wars. please STOP civil wars, please STOP civil wars... If we used that money ( military coast ) for country is development, I think our country can be faster development country.

Sep 15, 2012 01:29 AM