နိုင်ငံတကာ မြစ်ချောင်းများနေ့ဖြစ်တဲ့ မတ်လ ၁၄ရက် မနေ့က ကချင်ပြည်နယ် လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့နဲ့ ဒေသခံတွေစုပေါင်းပြီး ဧရာဝတီ မြစ်ဆုံဒေသမှာ အခမ်းအနားတစ်ရပ် ကျင်းပခဲ့ကြပါတယ်။
မြစ်ကြီးနားမြို့နဲ့ ၂၈ မိုင်အကွာ တန်ဖရဲ-မြစ်ဆုံကျေးရွာအနီး၊ မေခနဲ့ မလိခပေါင်းဆုံပြီး ဧရာဝတီမြစ် စတင်ဖြစ်ပေါ်ရာ မြစ်ကမ်းဘေးမှာ ကျင်းပခဲ့တာပါ။
အခမ်းအနား တက်ရောက်လာခဲ့တဲ့ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ် နော်ဒင်းက မြန်မာနိုင်ငံရဲ့အဓိကရ ဧရာဝတီမြစ်ကြီးကို ထိခိုက်စေမယ့် ရေကာတာ တည်ဆောက်တာ၊ ရွှေတူးဖော်တာတွေ အပါအဝင် ဘယ်လိုစီမံကိန်းမျိုးကိုမဆို ဒေသခံတွေနဲ့ မြန်မာတစ်ပြည်လုံးက ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ပြောကြားပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ CPI ကုမ္ပဏီက စီမံကိန်းကိုရပ်ဆိုင်းပြီး စက်ယန္တရားတွေ ပြန်လည်သယ်ယူသွားခဲ့ပေမယ့်၊ အဲ့ဒီစီမံကိန်းကြောင့် နေရပ်ကနေ စွန့်ခွာခဲ့ရတဲ့ ဒေသခံတွေကတော့ တန်ဖရဲ၊ လဖျဲ့၊ မြစ်ဆုံစတဲ့ သူတို့ရဲ့ကျေးရွာတွေကို တရားဝင်ပြန်လည် အခြေချနေထိုင်ခွင့် မရသေးဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမြစ်ချောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မြစ်ဆုံစီမံကိန်း ခြွင်းချက်မရှိ ရပ်ဆိုင်းရေး၊ ဧရာဝတီမြစ် ရေရှည်တည်တံ့ရေး မိမိတို့နေရပ်ကို ပြန်လည်နေထိုင်နိုင်ရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ရန်ကုန်မြို့က ရောက်ရှိနေတဲ့ အနုပညာရှင် ကိုရဲလွင်ဦးဆောင်တဲ့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက် အဖွဲ့သားတွေနဲ့ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့လည်း တေးသီချင်းတွေ ပါဝင်သီဆိုခဲ့ကြပါတယ်။