မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခု (၅၄) နှစ်အကြာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်မြှောက်တဲ့ အရပ်သားစစ်စစ် ဦးထင်ကျော်ကို ဒီမိုကရေစီနည်းကျ သမ္မတသစ်အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ မတ်လ ၁၅ ရက် မနေ့က ရွေးကောက်တင်မြှောက်လိုက်တဲ့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ နဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေက ဂုဏ်ပြုကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့က မနေ့က ဝမ်းမြောက်ကြိုဆိုလိုက်ပြီး၊ ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့အဆင့်တဆင့်ကို တက်လှမ်းလိုက်တာဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby က မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အရင်ဆုံးပြောဆိုလိုက်ပါတယ်။
အရပ်သားတစ်ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်လိုက်တာဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့အဆင့်တဆင့်ကို တက်လှမ်းလိုက်တာဖြစ်သလို၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတာဖြစ်တဲ့အတွက် အလွန်ထူးခြားတဲ့ကာလဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ ဆက်ပြီးရှာဖွေသွားမှာဖြစ်ကြောင်း ပြောသွားတာဖြစ်ပါတယ်။
အလားတူ တရုတ်အစိုးရကလည်း သမ္မတသစ်ဦးထင်ကျော်ကို ဂုဏ်ပြုကြိုဆိုလိုက်ပြီး၊ မြန်မာအစိုးရသစ်နဲ့ဆက်ပြီး တိုးမြှင့်လက်တွဲဆောင်ရွက်ဖို့နည်းတွေ ရှာဖွေသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌါန ပြောခွင့်ရသူ Lu Kang က မနေ့ကပြောလိုက်ပါတယ်။ မြန်မာနဲ့ တရုတ်ဟာ ဆွေမျိုးပေါက်ဖေါ်နိုင်ငံတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေးအတွက်ကိုလည်း ဆက်လက်ပံ့ပိုးကူညီ မယ်လို့ ဆိုပါတယ်။
တပြိုင်နက်တည်းမှာပဲ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီကလည်း မြန်မာနိုင်ငံမှာ ဦးထင်ကျော်ကို သမ္မတသစ် အဖြစ် ရွေးချယ်တင်မြှောက်တာကို ဂုဏ်ပြုကြိုဆိုလိုက်ပြီး၊ အိန္ဒိယ-မြန်မာဆက်ဆံရေး တိုးမြှင့်ဖို့ အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အလားတူ ပြင်သစ်အစိုးရကလည်း မြန်မာသမ္မတသစ်အတွက် ဂုဏ်ယူကြောင်းနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ကူညီဖို့ အဆင်သင့်ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အလားတူ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွန် တန်းဘူးလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း နဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်ကြမယ့်အကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကလည်း ပြည်သူ့ကိုယ်စားလှယ်တွေက သမ္မတသစ်ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့အတွက် လွန်စွာဝမ်းမြောက် ဂုဏ်ယူကြောင်း မနေ့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
ဒါ့အပြင် စာရေးဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ Pen Myanmar အဖွဲ့လည်း၊ မြန်မာ့သမိုင်းမှာ ပထမဆုံး စာရေးဆရာတစ်ဦး သမ္မတဖြစ်လာတဲ့အတွက် သမ္မတဦးထင်ကျော် (ခေါ်) စာရေးဆရာ ဒလဘန်း ကို လှိုက်လှိုက်လဲှလှဲ ဝမ်းမြောက်ကြိုဆိုဂုဏ်ယူကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ သမ္မတသစ်အနေနဲ့ လွတ်လပ်စွာရေးသားထုတ်ဖေါ်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို မြန်မာနိုင်ငံသားတွေအတွက် အစွမ်းကုန် ကြိုးပမ်းလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ကြေညာလိုက်ပါတယ်။
