ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ တန်းတူအခွင့်အရေး ရရှိဖို့လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းက ဒဂုံမြို့အရှေ့ပိုင်း အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်းမှာကျင်းပတဲ့ အခမ်းအနားမှာ အခုလို ပြောပါတယ်။
"မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာလည်း ကျမတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်ထားလို့မရပါဘူး၊ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ အားလုံးတန်းတူညီမျှ ရှိတယ်ဆိုလို့ရှိရင်လည်း ကျမတို့ ဘယ်အလုပ်မဆို၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်ထောင့်ဘယ်နေရာမှာပဲလုပ်လုပ် ကျမတို့အားလုံးဟာ တူညီစွာလက်တွဲပြီးတော့ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပေးဖို့လည်းလိုသလို၊ ရှိလာဖို့လည်း လိုအပ်ပါတယ်"
အလားတူ အခမ်းအနားကို မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က ခရစ်ယာန်ရိပ်သာမှာ ကျင်းပရာမှာ "အကြမ်းဖက်မှုကင်းစင်ဖို့ အမျိုးသမီးတို့ဘဝ မြှင့်တင်လို့ အပြောင်းအလဲတစ်ခုစတင်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ နိုင်ငံတိုင်းမှာ သာမန်အမျိုးသမီးတွေရဲ့ သတ္တိနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတွေကို ထင်ဟပ်တဲ့နေ့ဖြစ်ကြောင်း နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။ နိုင်ငံတိုင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ ခံစားခွင့်ရဖို့အတွက်ဆိုရင် အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရှိမှ အောင်မြင်မှာဖြစ်ကြောင်းလည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာလည်း ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ပြီး ကျင်းပခဲ့သလို ရန်ကုန်မြို့ အမေရိကန်သံရုံးက အမေရိကန် စင်တာမှာလည်း ကျင်းပခဲ့ပါတယ်။
အလားတူ အပြည်ပြည်ဆိုင် အမျိုးသမီးနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသက မြန်မာလူမှုအဖွဲ့ အစည်းတွေနဲ့ ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက လှုပ်ရှားမှု အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
မဲဆောက်အခြေစိုက် မြန်မာလူထုအခြေပြု အဖွဲ့အစည်းဝင်တွေနဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ အမျိုးသမီး တန်းတူအခွင့်အရေးနဲ့ လိင်ခွဲခြားဆက်ဆံခြင်းမပြုရေး စာတမ်းပိုစတာတွေ ကိုင်ဆောင်ပြီး မဲဆောက်မြို့တွင်းကနေ မြို့ပိုင်ရုံးအထိ လမ်းလျှောက်ချီတက်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ မဲဆောက်မြို့ပိုင်ရုံးမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာတော့ မဲဆောက်ဒေသတွင်းက အမျိုးသမီး ၇ ဦးကို ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနက လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီဆုကို မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကိုလည်း ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ကို ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ကြောင်း ထိုင်းလူမှုဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး နိုင်ဝိချိရန်ချာဝါလစ်က ပြောပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါက်တာစင်သီယာမောင်က အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
ရန်ကုန် စစ်တွေ မြစ်ကြီးနား စတဲ့မြို့တွေမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။