ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ လားရှိုး စတဲ့မြို့တွေမှာ အမျိုးသမီးအဖွဲ့အစည်းတွေက ကျင်းပကြပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်နဲ့ အမျိုးသမီးအဖွဲ့များကွန်ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ တေးသရုပ်ဖော်ပွဲတွေ ကျင်းပခဲ့ပါတယ်။
တိုင်းပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပိုမိုလာနိုင်မယ်ဆိုရင် အမျိုးသမီးအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ Women Triangle အဖွဲ့က မခင်လေးက ပြောပါတယ်။
"လူဦးရေအားဖြင့် အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက် တိုင်းပြည်မှာပိုများပါတယ်၊ အဲ့တော့ အမျိုးသမီး တန်ဖိုး ကိုယ်စားပြုဖို့ဆိုရင် ကိုယ်တွေ့ခံစားရတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ပြီးတော့ ပြောဆိုဆွေးနွေးတာက ပိုပြီးအောင်မြင်မယ့်အတွက် တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်၊ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ပိုပြီးတော့ အမျိုးသမီးအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ညီတဲ့ ပြောင်းလဲမှုကို မြန်မြန် ဆန်ဆန်လုပ်နိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်"
အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ပြီးပြည့်စုံတဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးတွေ အကာအကွယ်မဲ့နေပြီး ဒုက္ခဆင်းရဲတွေ ကြုံတွေ့နေရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရှမ်းမြောက်အမျိုးသမီးကွန်ရက်က နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု နည်းနေကြောင်းနဲ့ ခွဲခြားဆက်ဆံခံနေရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
