အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ တောင်ကြီးမှာ ကျင်းပ

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်းက လူငယ် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ တောင်ကြီးမြို့မှာ ရှိတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ တရားဝင် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူငယ်တွေ အနေနဲ့ အခွင့်အရေး အခွင့်အလမ်းတွေ အပြည့်အ၀ ရရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းတိုးတက်ရေးမှာ အခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး မနက် ၉ နာရီခွဲမှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပခဲ့တာဖြစ်တယ်လို့ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ကိုဝင့်ထယ်ကောင်းမြတ် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ဒီနှစ်မှာပဲ ကျနော်တို့က ခွင့်ပြုချက်တွေ ဘာတွေ သေချာတောင်းပြီးတော့ ပြည်နယ် အစိုးရကလည်း ခွင့်ပြုပေးပါတယ်ဗျ။ ကျနော်တို့ လူငယ်အဖွဲ့အစည်း ပေါင်းစုံက ကျနော်တို့ ခေါင်းဆောင်ပိုင်း လူငယ်တွေ အကုန်လုံးစုပြီး ဒီ World Youth Day ဆိုတာ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်ဆိုတာကို ကျနော်တို့ လူငယ်တွေကို ချပြတယ်၊ ပြီးတော့ လူငယ်တွေရဲ့ ပေါင်းစည်းမှုတွေကို ကျနော်တို့က ဖော်ထုတ်ပေးတယ်၊ တစ်ယောက်ကို တစ်ယောက် ခင်မင်ရင်းနှီးလာဖို့ပေါ။့ ပြီးလို့ရှိရင် သူတို့ရဲ့ capacity တွေ မြင့်တက်လာဖို့အတွက် လူငယ်တွေရဲ့ ရင်ဖွင့်သံကို ကျနော်တို့က ဖော်ထုတ်လိုက်တဲ့ သဘောပါပဲ၊"

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ ဒေသ အသီးသီးက လူငယ်တွေ ပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ ဖြစ်လာစေဖို့နဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ လူငယ်ညီလာခံ ကျင်းပလာနိုင်ပြီး လူငယ်တွေရဲ့ လက်ရှိ အဓိက လိုအပ်ချက်တွေကို ဖော်ထုတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခမ်းအနား ကျင်းပနိုင်ဖို့ အတွက်ကိုတော့ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ လူငယ်အဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ် ခေါင်းဆောင်တွေ စုစည်းပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းလုပ်ဆောင်ခဲ့တာ ဖြစ်သလို ဒီကော်မတီကနေ ရှမ်းပြည်နယ်က လူငယ်ဖွံ့ဖြိုးရေးတွေမှာ အဓိက ဆက်ပြီး ဦးဆောင်ပါဝင် လှုပ်ရှားသွားမှာ ဖြစ်တယ်လို့ ကိုဝင့်ထယ်ကောင်းမြတ် က ပြောပါတယ်။

"ကျနော်တို့က အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီလည်းပါတယ်၊ ဗုဒ္ဓဘာသာ လူငယ်၊ ပအိုဝ်း လူငယ်ပေါ့နော်။ အဲ့လိုမျိုး အဖွဲ့ပေါင်းစုံ ကျနော်တို့ အဲန်အယ်လ်ဒီ ကလည်း လူငယ် ပါတယ်ပေါ့၊ ဒါပေမယ့် ကျနော်တို့က အဲ့ဒီ အရောင်တွေကို ဖယ်လိုက်တယ်၊ ဖယ်လိုက်ပြီးတော့ လူငယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ လှုပ်ရှားတယ်၊ နောက်ပိုင်းဆိုရင်တော့ ဒီကော်မတီလေးကတော့ ဆက်ရှိနေမယ်။ ပြီးတော့ ဒီ ရှမ်းပြည်နယ်ရဲ့ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လုပ်ဖို့ရှိပါတယ်၊ အဲ့ကျရင်လည်း ဒီကော်မတီလေးနဲ့ပဲ ဆက်ပြီး လုပ်ဆောင်သွားပါမယ်။"

အခု ညပိုင်းမှာတော့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ခန်းမမှာ ညစာနဲ့ကျွေးမွေး ဧည့်ခံမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို လူတစ်ယောက် ကျပ်တစ်ထောင်နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရရှိတဲ့ ငွေတွေကိုတော့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေကို အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။