မြန်မာနိုင်ငံမှာ အင်တာနက် အတန်အသင့် ပွင့်လာ

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ပြည်တွင်းမှာ အရင်က ပိတ်ဆို့ထားတဲ့ အင်တာနက်စာမျက်နှာ တချို့ကို ပုံမှန် ဖွင့်ကြည့်လို့ ရနေပြီလို့ အင်တာနက် သုံးစွဲသူတွေရဲ့ သတင်းတွေအရ သိရပါတယ်။

2011.08.29

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ပိတ်ထားခဲ့တဲ့ YouTube အပါအဝင် blog အင်တာနက် စာမျက်နှာတွေကို တိုက်ရိုက် ဖွင့်ကြည့်လို့ ရနေတယ်လို့ ရန်ကုန်မြို့က အင်တာနက် သုံးစွဲသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။

ဆက်လက်ပြီး တားမြစ်ထားတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တွေ ကြည့်ရှုခွင့် ပေးလာတဲ့နေရာမှာ အသိပညာ ဗဟုသုတနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုဒ်တွေကို ဖွင့်ပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ရုပ်ရှင်၊ ဒီဇိုင်း၊ ကွန်ပြူတာ စသဖြင့် ဘာသာရပ်မျိုးစုံနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို အင်တာနက်ကတဆင့် လေ့လာနိုင်ကြမှာဖြစ်ကြောင်း စောစောက အင်တာနက် သုံးစွဲသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကို မြန်မာ့ဆက်သွယ်ရေး MPT နဲ့ ရတနာပုံ တယ်လီပို့ တို့ကသာ ထိန်းချုပ်ထားတာပါ။ အခု အင်တာနက် အတန်အသင့် ပြန်ပွင့်လာတယ် ဆိုရာမှာ ကြည့်လို့ရတဲ့ စာမျက်နှာချင်း တခုနဲ့တခု မတူဘဲ တချို့ကို MPT လိုင်းက ကြည့်လို့ရပြီး တခြား စာမျက်နှာတွေကို ရတနာပုံ တယ်လီပို့လိုင်းကနေ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် စတင်သုံးစွဲတဲ့ ၂ဝဝဝ ပြည့်နှစ်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာ၊ ပြည်ပ သတင်းမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာတွေကို သွားရောက် ကြည့်ရှုလို့ မရအောင် စစ်အစိုးရက တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။