လက်ပံတောင်းဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခဲ့မှု ရဲတွေကို စတင်စစ်ဆေး


2015.01.27
lpt-police-305.jpg လက်ပံတောင်းတောင်ဒေသမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်
Photo: Kyaw Zaw Win/RFA

တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ လုံခြုံရေးတာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က မနေ့ကစပြီး စစ်ဆေးမေးမြန်းနေပါတယ်။

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ကို စတင်စစ်ဆေးနေပြီလို့ ယင်းမာပင်ခရိုင် ရဲမှူးကြီးတင်မိုးက ပြောပါတယ်။

"တပ်ရင်းကအဖွဲ့တွေကို အရင်မေးနေတယ်လို့သိရတယ်၊ ဦးတို့ကအဖွဲ့မတူဘူးလေ၊ ဦးတို့ကခရိုင်ကိုး၊ ခုစစ်တာက ရဲတပ်ရင်းတွေလည်းပါတာပေ့ါ၊ ပူးပေါင်းအဖွဲ့တွေလည်းပါတာပေ့ါ၊ သူတို့အဖွဲ့တွေကိုတော့ စစ်နေတယ်လို့ကြားတယ်၊ ဦးတို့အဖွဲ့ အလှည့်တော့ရောက်သေးဘူး၊ ဦးတို့ထဲက အရန်တပ်ခွဲတစ်ခွဲကတော့ ပါတယ်၊ ဦးတို့အဖွဲ့ကို စစ်မယ်လို့တော့သိရပါတယ်၊ ဦးတို့ကိုစစ်တယ်ဆိုရင်တော့ ဘာစစ်တယ်ဆိုတာ သိရမှာပေ့ါနော်၊ အသေးစိတ်စစ်တဲ့အတွက် အကုန်လုံးကိုစစ်ပါလိမ့်မယ်"

ဒီဇင်ဘာလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ွ၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ွနဲ့ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးချုပ် ခင်မောင်ဝင်း ဦးဆောင်တဲ့အဖွဲ့က အဲဒီရဲတပ်ဖွဲ့ဝင်အားလုံးကို မုံရွာမြို့ မြို့မရဲစခန်းဝင်းအတွင်းမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

အဲ့ဒီပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းရေးလက်နက်တွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်း မရှိကြောင်းနဲ့ လုံခြုံရေးစီမံချက်မှာပါတဲ့ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာခြင်းမရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ဖော်ထုတ်အရေးယူဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီလ ၁၄ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။