စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဖားကန့်ကို ရောက်ရှိ


2016.01.18
pharkant-machin-620.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို ကွင်းဆင်း စစ်ဆေးနေတဲ့ အထူးကွင်းဆင်းစုံစမ်းရေး အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးဟာ တနင်္လာနေ့က ဖားကန့်မြို့ကို ရောက်ရှိခဲ့ပါတယ်။

အထူးကွင်းဆင်းစုံစမ်းရေးအဖွဲ့ဟာ ဖားကန့်မြို့ကို ရောက်ရှိပြီး စစ်ဆေးနေတာ ၄ ရက် ရှိပြီဖြစ်ပြီး အဖွဲ့ခေါင်းဆောင်က မနေ့က ရောက်ရှိတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မြင့်ထူးက ပြောပါတယ်။

"ပြည်ထဲရေးက ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးပါပဲ၊ ဖားကန့်ကိုပဲ စစ်ဆေးဖို့သွားလိုက်ပြီ၊ ဖွဲ့စည်းထားတဲ့အဖွဲ့တွေကတော့ ဖားကန့်ကိုရောက်နေပြီ၊ ဝန်ကြီးတို့ရဲ့ အစီအစဉ် တိုင်းဆောင်ရွက်မှာဖြစ်ပါတယ်၊ စာရင်းဇယားတွေနဲ့ ပတ်သက်လို့ စစ်ဆေးမယ်ဆို တာလည်း ပြောထားပြီးသားဖြစ်ပါတယ်၊ သေချာ စိစစ်မှာဖြစ်ပါတယ်"

အဲဒီအဖွဲ့စတင်စစ်ဆေးတဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ကုမ္ပဏီတချို့ဟာ သူတို့ရဲ့ ယာဉ်ယန္တရားတွေကို လူတွေမမြင်နိုင်တဲ့ စွန့်ပစ်မြေစာပုံအဟောင်းတွေနဲ့ လမ်းဘေး တောတောင်တွေထဲမှာ သိမ်းဝှက်ထားတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ တနေ့ကအထိ ယာဉ်ယန္တရားအစီးတစ်ထောင်ကျော်ကို စစ်ဆေးပြီး မှတ်ပုံတင်နိုင်ခဲ့တယ်လို့ ပြောဆိုကြောင်း အဲဒီအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဖားကန့်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတစ်ဝိုက်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စက်ယန္တရား တွေကို အခုလ ၁၆ ရက် ကနေ ၁၈ ရက်နေ့အထိ စစ်ဆေးတာဖြစ်ပြီး ဝှေခါ၊ ဆိပ်မူ စတဲ့ကျေးရွာတွေတစ်ဝိုက်က လုပ်ကွက်တွေကိုလည်း ဆက်လက်စစ်ဆေး မှာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့စာရင်းတွေအရ အခုနှစ်ရာသီအတွက် နိုင်ငံတော်ကို အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတဲ့ ယာဉ်စက်ယန္တရား အရေအတွက် ဟာ ၁၀၉၉ စီး ရှိပြီး လက်ရှိရောက်ရှိနေတဲ့ စက်ယန္တရား အစီးရေ ခုနှစ်ရာကျော်ဟာ ဂျိတ်လင်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ ကုမ္ပဏီ ၁၃ ခုရဲ့ တူးဖော်ရေး ယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။