ရင်းနှီးမြုပ်နှံလို့ မကောင်းဆုံးနိုင်ငံ စာရင်းထဲက မြန်မာ မထွက်နိုင်သေး

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲမှာ စီးပွားရေး လုပ်ကိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံလို့ မကောင်းဆုံး နိုင်ငံ ဖြစ်နေသေးတယ်လို့ စင်္ကာပူနိုင်ငံ အခြေစိုက် Vriens & Partners သုတေသနအဖွဲ့ရဲ့ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖေါ်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရည်ညွှန်းစာတမ်း မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ဖေါ်ပြထား ပါတယ်။ အဲဒီ စာရင်းထဲမှာ မြန်မာနိုင်ငံက နောက်ဆုံးအဆင့် (၁၉) မှာ ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ရှေ့ - နံပါတ် (၁၈) နေရာမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ဟာ ရင်းနှီးမြှုပ်နှံဖို့ ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်နေတယ်လို့ သတင်းတွေက ဖေါ်ပြကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖေါ်ပြထားတာကတော့ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပြုပြင် ပြောင်းလဲမှု တချို့ ရှိနေပေမဲ့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဖွင့်ပေးတာ အတော်နည်းနေသေး သလို၊ ပြည်ပ လုပ်ငန်းရှင်တွေဟာ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ အာဏာပိုင်နဲ့ နီးစပ်သူ စီးပွားရေး သမားတွေနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥပဒေစိုးမိုးမှု အတော် အားနည်းနေသေး သလို၊ တရားရေး စံနစ်ကလည်း နိုင်ငံရေး သြဇာအာဏာပေါ်မှာ တည်မှီနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။ သုသေသနအဖွဲ့ ရဲ့ စစ်တမ်းမှာ အနှစ်ချုပ် ထောက်ပြထားတာကတော့ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေဟာ စစ်အစိုးရဟောင်း အပေါ်မှာ တည်မှီနေပြီး၊ အပြောင်းအလဲတွေကို လက်ရှိ အစိုးရက ဘယ်လောက် ထိန်းထားနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ လာမယ့်လတွေဟာ စမ်းသပ် ကာလဖြစ်လိမ့်မယ်လို့ဖေါ်ပြထားပါတယ်။ အဲဒီ စစ်တမ်းအရ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး နိုင်ငံက စင်္ကာပူဖြစ်ပြီး၊ ဒုတိယက ဟောင်ကောင်၊ တတိယ က နယူးဇီလန်ဖြစ်ပါတယ်။ ဒီစစ်တမ်း ထုတ်ပြန်တဲ့ Vriens & Partners ကုမ္ပဏီဟာ အာရှဒေသကို အဓိကထား လေ့လာ အကြံပေး နေတဲ့ ပညာရှင်အဖွဲ့ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရ ဆက်ဆံရေးတွေ၊ လူထုရေးရာတွေ၊ နိုင်ငံရေး အခြေအနေ ကောင်းမွန်မှု-ဆိုးရွားမှုတွေကို လေ့လာသုံးသပ်ပြီး တင်ပြနေတဲ့အဖွဲ့ ဖြစ်ပါတယ်။