ရင်းနှီးမြှပ်နှံမှု ဥပဒေသစ်ရှိလာပေမယ့် သတ္တုမိုင်းကုမ္ပဏီတွေ အခက်အခဲရှိနေဆဲ

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု ဥပဒေသစ် ပေါ်ပေါက်လာပြီဖြစ်ပေမဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ရင်နှီးမြှပ်နှံလိုသူတွေအတွက် အခက်အခဲတွေရှိနေသေးတယ်လို့ သတ္တုမိုင်းကုမ္ပဏီတွေက ပြောဆိုကြပါတယ်။ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ မြန်မာနိုင်ငံ သတ္တုတူးဖေါ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲမှာ ပြောဆိုကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတည်ငြိမ်မှု၊ နိုင်ငံရေးအရအန္တရာယ်ရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု စတာတွေအပြင် ဥပဒေစည်းမျဉ်း စည်းကမ်းဆိုင်ရာ ရှင်းရှင်းလင်းလင်းရှိဖို့အတွက် ဆက်လက်ဆောင်ရွက်ရမှာတွေ ရှိနေသေးတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာတဲ့ သတ္တုမိုင်းကိုယ်စားလှယ်တွေက သတင်းဌာနတွေကို ပြောဆိုခဲ့ကြပါတယ်။

အခုလက်ရှိအနေနဲ့ သတ္တုတူးဖေါ်ခွင့်လိုင်စင်ရရှိဖို့ နှစ်နဲ့ချီပြီးစောင့်ဆိုင်းရကြောင်း မြန်မာနိုင်ငံမှာ သတ္တုမိုင်းလုပ်ငန်းတွေရရှိထားတဲ့ Ayuroma ကုမ္ပဏီညွှန်ကြားရေးမှူးက ပြောပါတယ်။ တူးဖေါ်ခွင့်လိုင်စင်ကို သတ္တုတွင်းဝန်ကြီးဌာနအပြင်၊ သစ်တောဝန်ကြီးဌာန၊ မြေစာရင်းဌာန ၊ဒေသအစိုးရအဖွဲ့တွေဆီကိုပါ တင်ပြဖို့လိုကြောင်း၊ ခွင့်ပြုမိန့်ရဖို့ လေးနှစ်၊ ငါးနှစ်လောက်စောင့်ရကြောင်း အခုတော့ အချိန်သိပ်မကြာရအောင် အစိုးရဘက်က နည်းလမ်းရှာနေပြီလို့သိရကြောင်း ပြောဆိုပါတယ်။

ဒါ့ပြင် အကျိုးအမြတ်ခွဲဝေမှု သဘောတူညီချက်၊ တခြားနေရာတွေမှာထက် သတ္တုရှာဖွေခွင့်ကာလ ၂ နှစ်လောက် တိုတောင်းနေတာ၊ သတ္တုကို အရိုင်းအတိုင်း တင်ပို့ခွင့်မပြုတာတွေအပေါ်မှာလည်း စိုးရိမ်ကြောင်း ရင်းနှိးမြှပ်နှံသူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်းလို ပြဿနာမျိုးတွေကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေ နောက်တွန့်မသွားနိုင်ပါဘူးလို့ မြန်မာပြည် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခုက ပြောပါတယ်။

ဒီလိုအဖြစ်မျိုးတွေ သတ္တုမိုင်းလောကမှာဖြစ်နေကျပါ၊ ရင်နှီးမြှပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီမီ သွားဖို့ပဲလိုပါတယ်လို့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီ Bagan Capital အကြီးအကဲက ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ မြန်မာအစိုးရအနေနဲ့ အနည်းဆုံးသုံးနှစ်အတွင်း သတ္တုမိုင်းအကြီးစားကြီးတွေ လုပ်ကိုင်ခွင့်ချပေးဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံ သတ္တုတူးဖေါ်ရေးလုပ်ငန်း ရင်းနှီးမြှပ်နှံမှု ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။