ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် ဆောင်ရွက်မယ်လို့ ဝန်ကြီး ပြောဆို

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဘယ်လိုပဲ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ဆက်လက် အကောင်အထည် ဖေါ်သွားမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ ဝန်ကြီး ၅ ဦးရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဦးဇော်မင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ "အခုလအတွင်း တလလောက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဧရာဝတီ ရောဂါပေါ့၊ ဧရာဝတီ ရောဂါနဲ့ အမှီလိုက်နေတဲ့ သူများရဲ့ မေးခွန်းတွေ၊ ကာတွန်းတွေပေါ့။ အဲဒီတော့ အခု ဧရာဝတီမြစ်ဆုံရဲ့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ် ရှိပါသလား၊ ဘယ်အဆင့်အထိ ရောက်နေသလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။" မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့်ယူခဲ့ကြောင်း ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီအတောအတွင်း ဧရာဝတီ မြစ်ဆုံ ဒေသက တရုပ် အစိုးရရဲ့ ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်ရေး စီမံကိန်း တွေကို ဖျက်သိမ်းပေးဖ့ို မနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့က တရုပ်သံရုံး ရှေ့မှာ မြန်မာ့ အရေး လှုပ်ရှားသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။ မြစ်ဆုံဒေသက ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းတွေ အပါအဝင် ကျန်တဲ့ မြစ်တွေတလျှောက် ဆောက်လုပ်နေတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့နဲ့မြန်မာနိုင်ငံရဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေဟာ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း စတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်။