ယဉ်ကျေးမှုတွေကို နားလည်အောင် ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကိုယ်နဲ့မတူတဲ့ တွေးခေါ်မှုတွေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး နားလည်အောင် ကြိုးစား တတ်မှ မြန်မာနိုင်ငံအတွင်းမှာ ညီညွတ်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ပြုလုပ်နေတဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပတဲ့ စာပေပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အခုလိုမိန့်ခွန်းပြောကြားခဲ့တာပါ။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာက စာပေသမားတွေနဲ့ တွေ့ထိခွင့်ရတဲ့အခါမှာ အတွေးအခေါ်မျိုးစုံ ယဉ်ကျေးမှုမျိုးစုံကို အများကြီးသင်ယူနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီစာပေဟောပြောပွဲဟာ နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပထမဆုံးအကြိမ် ပူးပေါင်း ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးနေကြပါတယ်။