ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း

တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။

"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"

ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။

ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။

" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"

ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အဝိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။