ITD လုပ်ကိုင်ခွင့် ပြန်ရုတ်သိမ်းမယ့် သတင်း အစိုးရငြင်းဆို

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းအတွက် ITD ခေါ် အီတာလျံ ထိုင်းတည်ဆောက်ရေးကုမ္ပဏီကို ပေးထားတဲ့ ၇၅ နှစ် လုပ်ကိုင်ခွင့်ကို မြန်မာအစိုးရက ပြန်လည်ရုတ်သိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံသမ္မတရုံးက မနေ့က ငြင်းဆိုလိုက်ပါတယ်။

ထားဝယ်စီမံကိန်းအတွက် နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုတွေ မလာသေးခင် လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားတာသာဖြစ်တယ်လို့ မြန်မာနိုင်ငံသမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးဆက်အောင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီး ပွန်ဆက်ဦးဆောင်တဲ့အဖွဲ့ဟာ ဒီလအစောပိုင်းက ထားဝယ်ကို လာရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ထားဝယ်စီမံကိန်းဟာ ခရီးမရောက်ဘဲ နှစ်အတော်ကြာ နှေးကွေးနေတဲ့အတွက် တည်ဆောက်ခွင့်ရထားတဲ့ အီတာလျံ ထိုင်း တည်ဆောက်ရေး ကုမ္ပဏီရဲ့ လုပ်ကိုင်ခွင့်ကို ပြန်ပြီးရုတ်သိမ်းဖို့ မြန်မာအစိုးရက စီစဉ်နေပြီး၊ လာမယ့်နှစ်မှာ ထားဝယ်စီမံကိန်း တည်ဆောက်ရေးအတွက် နိုင်ငံတကာ ကုမ္ပဏီတွေကို လေလံတင်ဒါခေါ်ယူလိမ့်မယ်လို့ ထိုင်းစွမ်းအင်ဝန်ကြီး ပွန်ဆက်က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အကြံပေးပုဂ္ဂိုလ် ဦးဆက်အောင်က မြန်မာအစိုးရအနေနဲ့ ITD အီတာလျံ ထိုင်း ကုမ္ပဏီကို မလိုချင်တော့ဘူးဆိုတာ မဟုတ်မှန်ပါဘူး၊ ဒါပေမဲ့ စီမံကိန်းရဲ့ လုပ်ငန်းတိုးတက်မှုဆိုင်ရာ သုံးသပ်ချက်အတွက် ITD ဟာ တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နားထားရမှာဖြစ်ပါတယ်၊ ဒီသုံးသပ်ချက်မရှိဘဲနဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လာရောက်ကြမှာမဟုတ်ပါဘူး၊ တခြားရင်းနှံမြှုပ်နှံမှုတွေမလာရင် ထားဝယ်စီမံကိန်းတစ်ခုလုံး အကောင်အထည်ဖေါ်နိုင်မှာမဟုတ်ပါဘူးလို့ ဘန်ကောက်ပို့စ်ကို ပြောကြားခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် ဆုံးဖြတ်ချက်အားလုံးကို မြန်မာနဲ့ ထိုင်းအစိုးရဆိုင်ရာ အဆင့်မြင့်ကော်မတီတွေ၊ ပူးတွဲဆောင်ရွက်ရေးကော်မတီတွေ အတူတကွ ချမှတ်ကြတာဖြစ်ကြောင်း၊ အစိုးရချင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာမှန်သမျှ IDT က သိရှိနေတာဖြစ်ကြောင်းလည်း ဦးဆက်အောင်က ပြောပါတယ်။