မိမိတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် မိမိနဲ့တကွ ယူနီဆက် အပါအဝင် အားလုံး ပူးပေါင်းပြီး လက်တွဲ ဆောင်ရွက်သွားရမှာပါလို့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ရုပ်ရှင်မင်းသားကြီး ဂျက်ကီချမ်းက ဖြေကြားခဲ့တာပါ။
ဒါ့အပြင် မိဘတွေ အလုပ်သွားနေတဲ့အချိန် ကလေးငယ်တွေအတွက် ပညာလည်းသင်၊ နေစရာလည်းရတဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေ ပေါပေါများများ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ မိဘတွေ အလုပ်လုပ်နေချိန် ကလေးငယ်တွေ သူတို့ဘာသာ အိမ်မှာနေခဲ့ရင်၊ လမ်းပေါ်ရောက်နေရင် ဒါမှမဟုတ် လူစိမ်းနဲ့ နေရရင် အန္တရာယ် တွေ့နိုင်တယ်လို့ ဂျက်ကီချမ်းက ပြောပါတယ်။
ယူနီဆက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူးသံတမန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချမ်းဟာ ကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ်ကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ (၅) ရက်နေ့ကစလို့ (၃) ရက်ကြာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူဟာ ယူနီဆက်ရဲ့ ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်က စတင် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
