ယူရိုငွေ သန်း ၈ဝ ကျော် စာရင်းရှင်းဖို့ အစိုးရဟောင်း ကို ကျောက်မျက်လုပ်ငန်း ရှင်တွေ တောင်းဆို


2016.05.27

သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေအနေနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တိုင်ကြားစာတစောင်ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ထံ ကျောက်မျက်ရတနာအသင်း ဥက္ကဌ ဦးဆောင်ပြီး အသင်းရဲ့အမှုဆောင်တွေက စုပေါင်းလက်မှတ်ထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်အသင်းရဲ့ တိုင်ကြားစာကိုလက်ခံရရှိထားပြီး၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနကို လွှဲထားတယ်လို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအေးမောက်က RFA ကိုပြောပါတယ်။

"ဟုတ်ပါတယ် တိုင်ကြားစာပေါ့ မှန်ပါတယ်ခင်ခင်ဗျ၊ ကျောက်မျက်မှာ ရန်ပုံငွေနဲ့ပတ်သက်လို့ အလွဲသုံးစားလုပ်ထားတယ်လို့ ယူဆတဲ့သဘောပေါ့လေ၊ အဲ့ဒါကြောင့် ဒါကိုစိစစ်ပေးဖို့ဆိုပြီးတော့ အဲ့လိုတော့ စာရောက်တယ်လို့ပြောတယ်၊ ကျနော်တို့ အဓိကတော့ သူတို့တကယ်တော့ ဝန်ကြီးဌာနက ကိုင်တာလေ၊ သူတို့ပဲဆက်ကိုင်မှာဗျ"

၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း ကျောက်မျက်ပြပွဲတွေရဲ့ ရောင်းရငွေ ၁ ရာခိုင်နှုန်းကို အသင်းရဲ့ရန်ပုံငွေ အဖြစ်ထားခဲ့ပေမယ့် အဲ့ဒီရန်ပုံငွေဟာ အခုချိန်မှာ ယူရိုငွေ ၇ သန်းပဲ ကျန်တော့တဲ့အတွက် ကွာဟနေတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး စာရင်းရှင်းပေးဖို့နဲ့ မရှင်းနိုင်ရင် အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ မန္တလေး ကျောက်မျက် အသင်း ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

"နိုင်ငံတော်အခွန်ဆိုတာက ၇ ရာခိုင်နှုန်းပေါ့နော်၊ ၃ ရာခိုင်နှုန်းက သတ္တုတွင်းဝန်ကြီးဌာန၊ ၁ ရာခိုင်နှုန်း ကတော့ ပြပွဲကျင်းပရေးကော်မတီပေါ့နော် အဲ့လိုကောက်တယ်၊ ကျနော်တို့ လုပ်ငန်းရှင်အသင်းက ဒီဟာကို စီမံခန့်ခွဲခွင့်မရဘူးပေါ့၊ ပြပွဲကျင်းပရေးဗဟိုကော်မတီက ငွေကြေးတွေကိုင်တွယ်တယ်၊ သုံးစွဲ တယ်ပေါ့နော်၊ အဲ့ဒီကနေ ဒီနေ့ဒီကြားထဲမှာ စာရင်းရှင်းတမ်း တစ်ခါမှမရှိသေးဘူးပေါ့၊ စုစုပေါင်း ကတော့ ၉၃ သန်းရှိတာပေါ့၊ အခုလောလောဆယ် အကြမ်းမျဉ်းကျန်တဲ့ငွေက ၇ သန်းလောက်ပဲ ကျန်တော့တယ်ကြားတယ်၊ ဒီအသင်းခွဲတွေရဲ့ ခေါင်းဆောင်တွေပေါ့ဗျာ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဒု-ဥက္ကဌတို့ဘာတို့ စုပေါင်းပြီး ၁ဝ ယောက်လောက် လက်မှတ်ထိုးပြီးတော့ သူရ ဦးရွှေမန်းဆီကို စာပို့ထားတာပေါ့နော်"

အခုတိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိတွေနဲ့ တိုင်ကြားထားတဲ့ ကျောက်မျက် အသင်းက ပုဂ္ဂိုလ်တချို့ ဒီနေ့ညနေက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။