မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရကနေ လာမယ့် ၅ နှစ်အတွင်း ဂျပန် ယန်း ၁၀ ဘီလီယံ၊ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mr Mikio Numata က ပြောပါတယ်။
ဒီငွေတွေကို ပြည်တွင်းစစ်ဒဏ်ခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေမှာ ပြန်လည်ထူထောင်ရေး၊ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး စီမံကိန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ချတ်ထရီယံဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်အစိုးရရဲ့အကူအညီနဲ့ ပတ်သက်ပြီး ဂျပန်သံအမတ်ကြီးက စကားပြန်ကတဆင့် ခုလိုပြောသွားပါတယ်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဂျပန်မြန်မာ ချစ်ကြည်ရေး အစည်းဝေးလုပ်တဲ့အချိန်မှာ ဒီတိုင်းရင်းသားဒေသမှာ ကူညီတဲ့ကိစ္စ ဆွေးနွေးခဲ့တာရှိပါတယ်၊ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြိုးပမ်းအားထုတ်မှုကတော့ နောက်ထပ်ဖြစ်ထွန်းဖို့ ဒီအချိန်မှာ ကျနော်တို့ တွန်းအားပေးကူညီပေးဖို့ ကိစ္စဖြစ်ပါတယ်၊ ဂျပန်အစိုးရကလည်း ပဋိပက္ခဒဏ်ခံစားရတဲ့ ပြည်သူလူထုကို ငြိမ်းချမ်းရေးအသီးအပွင့် အကျိုးကျေးဇူးကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်အောင် တွန်းအားပေးဖို့ အင်မတန်ကို အရေးကြီးတယ်လို့ ယူဆရပါတယ်”
လက်ရှိမှာလည်း ဂျပန်အစိုးရက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ပြည်နယ်တွေက ပြည်တွင်းစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကထား ကူညီပံ့ပိုးပေးနေပါတယ်။
သူတို့ရဲ့အကူအညီတွေကို မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်မူတည်ပြီး ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။