ဂျပန် နဲ့ မြန်မာ စီးပွားရေး ဆွေးနွေး

မြန်မာနဲ့ ဂျပန် အမတ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ အပြင် ဂျပန် နဲ့ မြန်မာ အကြား စီးပွားရေး ဆက်ဆံမှုတွေကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် အောက်လွှတ်တော် အမတ် မစ္စတာ ရောတ တခဲဒ ဦးဆောင်တဲ့ အဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၊ ဂျပန်မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးခင်ရွှေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲ အကြောင်းနဲ့ ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို သူတို့ စိတ်ဝင်စားတဲ့အကြောင်း၊ အခုပြောင်းလဲတာတွေကို ဝမ်းသာတဲ့အကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောတွေ ပြောတာလဲ ပါဝင်ပါတယ်။ ဒီဘက်ကလဲ ဟိုအရင်ကတည်းက ဂျပန်နဲ့ မြန်မာဆက်ဆံရေး အကြောင်းတွေ ရင်းနှီးမြှပ်နံှမှုကို ဖိတ်ခေါ်တာတွေ ပြောဆို ဆွေးနွေးကြ ပါတယ်” ဂျပန် အောက်လွှတ်တော် အမတ်နဲ့ အဖွဲ့ဟာ မနေ့ကလဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး မှာ လျှပ်စစ်ဓာတ်အားခ ရရှိသုံးစွဲပုံနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဦးခင်ရွှေက မေးခွန်း မေးမြန်းခဲ့ကြောင်းနဲ့ အမှတ် (၂ ) လျှပ်စစ်ဝန်ကြီး က သူတို့ လက်ရှိ ကောက်ခံနေတဲ့ နှုန်းထား မများကြောင်းနဲ့ အရှုံးခံပြီး လူထုကို ဖြန့်ဖြူး ပေးနေတယ်လို့ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရပါတယ်။