ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား

အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြတယ်လို့ ဂျပန် ငါးလုပ်ငန်းဆိုင်ရာ သတင်းဌာနတစ်ခုက ဖော်ပြပါတယ်။

ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်ငံက ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကို တင်ပို့၊ အသင့်စားသုံးနိုင်အောင် ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။

မူလက လူနဲ့ လုပ်အားပေါတဲ့ တရုတ်ပြည်ကို အဓိကထားပြီး လုပ်ကိုင်နေခဲ့ပေမဲ့ တရုတ်ပြည်မှာ လုပ်အားခတွေ ဈေးတက်လာတဲ့အတွက် ထိုင်းနဲ့ ဗီယက်နမ်ကိုပါပို့ပြီး ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် ထိုင်းမှာလည်း လုပ်ခဈေးနှုန်းတွေ ပြင်ဆင်တိုးမြှင့်လိုက်ရာမှာ အလုပ်ရှင်တွေက အလုပ်သမား ခံစားခွင့်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြခဲ့ကြလို့ ဂျပန်ကိုပို့မယ့် ပင်လယ်စာစက်ရုံ လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။

အဲဒါကြောင့် ပွင့်လင်းလာတဲ့ မြန်မာပြည်အပေါ် ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ မျက်စိကျလာကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ထုတ်ကုန် လုပ်ငန်းတွေအတွက် အခြေခံ လိုအပ်ချက်တွေ မလုံလောက်သေးတာက အဓိကပြဿနာ ဖြစ်နေပါတယ်။

ဂျပန် ငါးကုန်သည်ကြီး တစ်ယောက်က - ပင်လယ်စာ ပို့ကုန်လုပ်ငန်းမှာ ကျန်းမာရေး စံချိန်စံညွှန်း အဆင့်မီဖို့ အထူးလိုအပ်လှပါတယ်။ ဒါပေမဲ့ဒီအတွက် မြန်မာပြည်မှာ စံချိန်မီ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်တွေ မရှိသေးပါဘူး။ နောင်မှာ တဖြည်းဖြည်း ဖြစ်လာမယ်ဆိုပေမဲ့အချိန်အတော် ယူရပါဦးမယ်။ ဒီတော့ တရုတ်ကို ပို့နေတဲ့ နော်ဝေး ငါးသေတ္တာငါးတွေကို မြန်မာပြည်ပြောင်းပို့ဖို့ ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုပါတယ်။