မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာလူငယ် အုပ်ချုပ်ရေး ဝန်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက် လေ့လာဆည်းပူးဖို့ အတွက် ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါနဲ့ တွေ့ဆုံတဲ့အခါ ဒီအစီအစဉ်ကို ဝန်ကြီးချုပ်က ကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်အတွက် ဂျပန်အစိုးရက မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း (၂၀) ကို လက်ခံမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေ အနေနဲ့ ဂျပန်တက္ကသိုလ်တွေမှာ ဥပဒေ၊ အုပ်ချုပ်ပုံနည်းစနစ်၊ မူဝါဒချမှတ်ပုံ စတာတွေအပြင် ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘာသာရပ်တွေကို လေ့လာ ဆည်းပူးနိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီ ဈေးကွက်စီးပွားရး အခြေခံတွေနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ စတင်ဆောင်ရွက်နေပေမဲ့ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးနေတယ်လို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။