ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ လာမယ့်မေလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဒီကနေ့ တိုကျိုမှာထုတ်ဝေတဲ့ ဂျပန်တိုင်းမ် သတင်းစာက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အရှိန်အဟုန် မြန်ဆန်လာအောင် တွန်းအားပေးဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဝန်ကြီးချုပ် လာရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦး မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်က ဝန်ကြီးချုပ် Takeo Fukuda လာရောက်လည်ပတ်ဖူးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းညှိနိုင်အောင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဒီခရီးစဉ်က အထောက်အကူဖြစ်မယ်လို့ ဂျပန်အစိုးရကပြောကြောင်း ဂျပန်တိုင်းမ်က ရေးသားပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။