“ဂျပန်အစိုးရရဲ့ ODA ကနေပြီးတော့ ချေးငွေ ထုတ်ချေးမယ့် အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရကနေ MOU ထိုးပြီးမှ လုပ်ပေးတဲ့ အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ တဆင့်ဖြစ်ပါတယ်။ စုစုပေါင်း သန်းပေါင်း ၉၉၀၀ ဖြစ်ပါတယ်။ အဓိက ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ပါ’’
ဂျပန်နိုင်ငံ အစိုးရက ထောက်ပံ့ထားတဲ့ အဲဒီ JICA အဖွဲ့က အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ် အစိုးရကို ထုတ်ချေးပေးမှာဖြစ်ပြီး ချင်းပြည်နယ်အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ အလွန်အကျိုး ဖြစ်စေလိမ့်မယ်လို့လည်း ဝန်ကြီး ဦးဗန်ထောင်းကပြောပါတယ်။
“ကျွန်တော်တို့ ဝဥ စိုက်ပျိုးရေးလုပ်ငန်း၊ စပါးစိုက်ပျိုးရေးလုပ်ငန်း၊ နွားနောက် မွေးမြူရေး လုပ်ငန်းတွေမှာ အများကြီး ဖွံ့ဖြိုး တိုးတက်လာမှာပေါ့။ အခုက ကျွန်တော်တို့ လုပ်ငန်း လုပ်ချင်ပေမယ့်လည်း ငွေကြေး ရင်းနှီးမှုက ခက်ခဲနေကြတာကိုး။ ပြည်သူလူထုက ခုလို ချေးငွေတွေ လာရင်တော့ ကျွန်တော်တို့အတွက် များစွာ အထောက်အကူပြုမှာပေါ့’’
ဘယ်အချိန်မှာ ဒီချေးငွေတွေကို စတင်ထုတ်ချေး ပေးမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ JICA အေဂျင်စီက တာဝန်ရှိသူတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်မြို့တော် ဟားခါးကို သွားရောက်မှာဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် JICA အေဂျင်စီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ် (UNDP) 2011 ခုနှစ် စစ်တမ်းကောက်ယူချက်အရ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။
