မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့ဆိုရင် ရခိုင်ပြည်နယ်က ပဋိပက္ခကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်ကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဂျွန်ကယ်ရီ တို့ နေပြည်တော်မှာ ဒီနေ့ ၁ နာရီခွဲလောက်ကြာအောင် သီးခြားတွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။ ဒီတွေ့ဆုံမှုအပြီး သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
"သူတို့ကတော့ အဓိကကတော့ ပြဿနာတွေ ရှိတယ်၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ဟာ နဲ့ပဲ ပြောတာပါ၊ အပြစ်တင်တာမဟုတ်ဘူး၊ ဒီမြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြဿနာဟာ စိန်ခေါ်မှု တစ်ခုဖြစ်တယ်၊ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လို ကိစ္စလေးတွေတော့ ကိုင်တွယ်ရင်ကောင်း မယ်ဆိုတာကို ပြောတာပါ၊ အသေးစိတ်တော့ ပြော မပြဘူး"
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ကိစ္စ၊ သတင်းထောက်တချို ့ဖမ်းဆီးထောင်ချခံထားရတဲ့ကိစ္စ၊ လူ့အခွင့်အရေးကိစ္စနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ကူညီရေးကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီဟာ မနက်ဖြန်ညနေမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့လည်း ခရီးစဉ်အတွင်း တွေ့ဆုံ သွားဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ မစ္စတာ ဂျွန်ကယ်ရီတို့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံအပြီး သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။