အမေရိကန် Johns Hopkins တက္ကသိုလ် သင်ကြားရေး အစီအစဉ်တွေ ပြန်ရုပ်သိမ်း


2015.02.19

မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ် စီမံခွင့်မရတဲ့အတွက် Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ၂၀၁၃ ခုနှစ်ကစပြီး International Center of Excellence (ICOE) သင်တန်းတွေကို စတင်သင်ကြားနေခဲ့ တာဖြစ်ပြီး လက်ရှိပညာရေးဝန်ကြီးသစ်နဲ့ စေ့စပ်ညှိနှိုင်းရာမှာ မပြေလည်တဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်တာလို့ ဒီကနေ့ထုတ် မြန်မာတိုင်းစ်မ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအစီစဉ်ဟာ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးက ဆရာဆရာမတွေနဲ့ ဘွဲ့လွန်ကျောင်းသားတွေကို နိုင်ငံရေး ၊ ပြည်သူ့ရေးရာ၊ စီးပွားရေးမူဝါဒရေးရာတွေနဲ့ ဥပဒေ၊ နည်းပညာ၊ ဆေးပညာရပ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ လွတ်လွတ်လပ်လပ်သင်ကြားနေခဲ့ဖြစ်ပြီၤး ပညာရေးဝန်ကြီးအပြောင်းအလဲမှာ နားလည်မှုစာချွန်လွှာမဟုတ်တဲ့ အရင်ဝန်ကြီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ကို ဝန်ကြီးအသစ်က အသိမှတ်မပြုနိုင်တဲ့အတွက် အခုလိုရုပ်သိမ်းသွား တာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

၂ နှစ်တာကာလအတွင်း တက္ကသိုလ်ဆရာဆရာမ ၂၅ ဦးနဲ့ ဝန်ကြီးဌာနအသီးသီးက အစိုးရဝန်ထမ်းနဲ့ အရပ်သား ၃၅ ဦးကို သင်တန်းပို့ချခဲ့ပြီး အခုနှစ်အတွက် သင်တန်းသား ၆၇ ဦးရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။