နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား

မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘော တိုးတက်မှု ရှိကြောင်း နိုင်ငံတကာကို အခိုင်အမာ ပြသဖို့ အတွက်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဧပြီ ၁၁ ရက် မနေ့က ပြောကြား လိုက်ပါတယ်။

0:00 / 0:00

နေပြည်တော်အစိုးရအနေနဲ့ အရင်ဆုံး ဆောင်ရွက်သင့်တာက အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးဖို့ လိုပါတယ်၊ အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် နှစ်ပေါင်း ၁၀ စုနဲ့ချီ ကျခံနေရတဲ့အတွက် အိုမင်းနေပါပြီ၊ ဒီနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကိစ္စကို မိမိတို့ အကဲခတ် စောင့်ကြည့်နေပါတယ်လို့ ဂျိုးဇက်ဖ် ယွန်က ပြောသွားပါတယ်။

ဒါ့ပြင် အန်အယ်လ်ဒီအပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ အထူး စိုးရိမ်နေကြောင်း၊ မြန်မာ အစိုးရအနေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ လိုအပ်ကြောင်း Mr Yun က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ရဲ့ ရည်ရွယ်ချက် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မစ္စတာ Yun က အခုလို ပြောဆိုခဲ့တာပါ။

အဲဒီအခမ်းအနားမှာ မစ္စတာ ဂျိုးဇက်ယွန်ရဲ့ ပြောကြားချက်တွေထဲက RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။

အသံဖိုင်ယူရန်