နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ယူနတီဂျာနယ် သတင်းထောက်ကို ဖမ်းဆီး


2014.02.01

အပတ်စဉ်ထုတ် ယူနတီ UNITY ဂျာနယ်က မကွေးတိုင်း ပေါက်မြို့နယ်အခြေစိုက် သတင်းထောက် ကိုလူမော်နိုင်ကို ပေါက်မြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဖမ်းဆီးလိုက်ပြီး ပေါက်မြို့နယ် အချုပ်ကနေ ဒီနေ့ ပခုက္ကူ ထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ယူနတီရဲ့ ပြီးခဲ့တဲ့ သတင်းပတ်ထုတ်ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ စစ်တပ်ပိုင် မကွေးတိုင်း ပေါက်မြို့နယ်က ဓါတုလက်နက်စက်ရုံ ဆောင်းပါးကိစ္စနဲ့ ဆက်နွယ်ပြီး အဖမ်းခံလိုက်ရတာလို့ သိရပါတယ်။

မနေ့ညက အဖမ်းခံရတဲ့ အဖြစ်အပျက်ကိုတော့ သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ မလွင်လွင်မြင့်က RFA ကို အခုလို ပြောပါတယ်။

“မနေ့ညက ၁၁ နာရီ ၁ဝ မိနစ်မှာ ရဲရှစ်ယောက်နဲ့အတူ ရပ်ကွက်လူကြီး ကျမတို့အိမ်ကိုလာပါတယ်၊ တံခါးဖွင့်တဲ့အခါကျတော့ ကျမမေးတယ်၊ ဘာကိစ္စတုန်းဆိုတော့ သူတို့က မြို့နယ်မှူးက ကိုလူမောင်နိုင်ကို ခဏခေါ်ခိုင်းလို့ပါ၊ မေးစရာလေးရှိလို့ပါ ဆိုပြီးတော့မှ ကျမကိုပြောတယ်၊ ကိုလူမော်နိုင်ကမေးတယ်၊ ဘာလဲခင်ဗျားတို့က ကျနော့်ကိုဖမ်းတာလားဆိုတော့ ဖမ်းတာမဟုတ်ပါဘူးတဲ့၊ ခဏလေးပါ၊ မေးစရာရှိလို့ ပြီးရင်ပြန်လွှတ်မှာ ဆိုပြီးတော့ပြောတယ်၊ နောက်ပုဒ်မလည်း သူတို့မနက်ခင်းက တပ်လိုက်ပြီ၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေလို့ ကျမကိုပြောပါတယ်”

သတင်းထောက် ကိုလူမော်နိုင်ဟာ ယူနတီဂျာနယ်မှာ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်တာ ၂ ပတ်သာရှိသေးပြီး အဲ့ဒီသတင်းဆောင်းပါး ရေးသားရာမှာ ကိုလူမော်နိုင် မပါဝင်ဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

အလားတူ ဒီနေ့ ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ ဆောင်းပါးရေးသားရာမှာ ပါဝင်သူ အကြီးတန်း သတင်းထောက် ကိုရာကျော်ဦး၊ ကိုပိုင်သက်ကျော်နဲ့ အငယ်တန်း သတင်းထောက် ကိုစည်သူဦးတို့ကိုလည်း သတင်းတပ်ဖွဲ့က တာဝန်ရှိသူတွေက ခေါ်ဆောင်သွားတယ်လို့ ယူနတီဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုလင်းထက်မြတ်က ပြောပါတယ်။

ကိုလင်းထက်မြတ်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။