သစ်ပင်လဲခြင်း ဓာတ်ပုံရိုက်၍ ဂျာနယ်သတင်းထောက် အဖမ်းခံရ

မကွေးမြို့မှာ ရေကြီးပြီး သစ်ပင်တွေ လဲတာကို ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ရန်ကုန်အခြေစိုက် Weekly Eleven သတင်းဂျာနယ်ရဲ့ မကွေးမြို့ သတင်းထောက် ကိုအောင်သူငြိမ်းကို မကွေးမြို့ အမှတ် (၁) မြို့နယ်ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းရှိ မြို့နယ်မှူးရုံးမှာ စက်တင်ဘာ ၁၅ ရက် မနေ့ကစပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Weekly Eleven ဂျာနယ်က သတင်းထောက် အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူငြိမ်းဟာ ဆက်သွယ်ရေးရုံးအနီးမှာ စက်တင်ဘာလ ၁၃ရက်နေ့က ဓာတ်ပုံရိုက်နေတုန်း ရဲတပ်ဖွဲ့ဝင်တွေက ကင်မရာထဲက ပုံတွေ ဖျက်ခိုင်းသလို ကင်မရာကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာ နောက်ဆုံးသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြို့နယ်မှူး ဒုရဲမှူး ဦးကြည်ဝင်းက သတင်းထောက်ကို နောက်နောင် မလုပ်တော့ပါလို့ ခံဝန်ချုပ် လက်မှတ်ထိုးခိုင်းတာကို မထိုးတဲ့အတွက် မနေ့က ထိန်းသိမ်းထားလိုက်တာ ဖြစ်ပြီး Eleven ဂျာနယ် ရန်ကုန်ရုံးချုပ်မှ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းပေမဲ့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။

အခုလိုပဲ သူတို့ သတင်းထောက်ကို ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ဥပဒေ နည်းလမ်းတွေအတိုင်း ဥပဒေကြောင်းအရပဲ ဆက်လက် တုံ့ပြန် ဆောင်ရွက်သွားမယ်လို့ Weekly Eleven တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးကို ကိုးကားပြီး ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာသတင်းက ဆိုပါတယ်။