မုံရွာမြို့က အလွတ်ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ၁၄ ရက်အတွင်း ပြန်လွှတ်ပေးဖို့ အထက်မြန်မာပြည် သတင်းထောက်တွေက တောင်း ဆိုလိုက်ပါတယ်။
အဲ့ဒီ တောင်းဆိုချက်ကို မန္တလေးမြို့အခြေစိုက် သတင်းသမား ၃ဝ ကျော်ရဲ့ သဘောဆန္ဒနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ကို ပေးပို့မယ်လို့ မန္တလေးမြို့အခြေစိုက် သတင်းထောက် ကိုရဲဝင်းနိုင်က ပြောပါတယ်။
"ကိုအောင်နေမျိုးဟာ ဥပဒေနဲ့ မတရား ဖမ်းဆီးခြင်းခံရတဲ့အပေါ်မှာ အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုစာပေါ့၊ အဓိကတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဌာနတွေ ပါမယ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ နောက်ပြည်ထဲရေးဝန်ကြီးဌာနတို့ မနက်ဖြန်က စပြီးတော့ ဒီဌာနတွေကိုပို့မှာပေါ့နော်၊ ကိုအောင်နေမျိုးကို ၁၄ ရက်အတွင်း အမြန်ဆုံးပြန်လည် လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်တစ်ခုပါတယ်ပေါ့၊ ဒီသတ်မှတ်ထားတဲ့ ရက်အတွင်းမှာမှ အစိုးရဘက် ကနေ ဆောင်ရွက်ပေးတာမျိုး မရှိဘူးဆိုလို့ရှိရင်တော့ လမ်းပေါ်တက်ပြီးတော့ တောင်းဆိုမှုမျိုးတွေ လည်း ပါနိုင်တဲ့အနေအထားတော့ရှိပါတယ်"
ကိုအောင်နေမျိုးဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကို မမှန်သတင်းလွှင့်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရဲတပ်ဖွဲ့ကစွပ်စွဲပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို ၁၉၅ဝ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က) (င) နဲ့ အမှုဖွင့်ထားပါတယ်။
