ဇူလိုင် ၇ ရက်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာ မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့ ဗိုလ်မှူးကြီး တင်ဝင်းက ပြောတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။
"RFA မှာ ကျွန်တော်ပြောတဲ့အချိန်မှာ ပြတ်သားတဲ့ အဖြေသူက မပေးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ ဒီအခမ်းအနားကို အမိုးအကာအောက်က ကျင်းပမယ်ဆိုရင် ကျင်းပနိုင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲတာကို ဒီနေ့မနက်ကျတော့ အခါမှာ သူက အဲဒီသဘောထား မရှိကြောင်းကို ထင်ရှားအောင်လို့ ကျွန်တော်ကို တယ်လီဖုန်းဆက်ပြီး ထပ်ပြောပါတယ်။ သူလုံးဝလုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ သူ့မှာ အဲဒီသဘောထား မရှိဘူး။ လုံးဝပိတ်ပင်တားမြစ် တယ်ဆိုတဲ့ သဘောမျိုးကို သူကတိတိကျကျ ထပ်ပြောပါတယ်"
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ကိုကျော်ကိုကို ကပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကတော့ အမှတ်တရအနေနဲ့တော့ တစ်ခုခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က ဒီဟာက အထင်ကရနေ့ တစ်ခုဖြစ်တဲ့အတွက် အခမ်းအနားတစ်ခု သို့မဟုတ် အမှတ်တရ တစ်ခုကို ကျင်းပပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ"
အင်္ဂလိပ် ကိုလိုနီခေတ်မှာ စတင်ပေါ်ပေါက်လာပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းလိုက်တဲ့ အစိုးရက ဖြိုခွဲဖျက်ဆီးလိုက်တဲ့ 7 July အဖြစ်အပျက်ဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မှာ ဖြစ်ပါတယ်။