ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွေ မြန်မာနိုင်ငံ အနှံ့တွင် ကျင်းပ

0:00 / 0:00

၁၉၆၂ ခုနှစ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရတဲ့ အထိမ်းအမှတ် အဖြစ် (၅၁) နှစ်မြောက် ဇူလိုင်(၇)ရက် အခမ်း အနားတွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ကျောင်း သားများရုံးခန်းမှာ ကျင်းပကြသလို မန္တလေးမြို့နဲ့ သံလျင်မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်လာဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။

" ကျွန်တော်တို့ တက္ကသိုလ်မြေပေါ်မှာ ဒီတကသ အဆောက်အအုံကြီး ပြန်လည်တည်ဆောက်နိုင်ရေးဟာ ရန်ကုန်တက္ကသိုလ်ဝန်းမှာတင်မဟုတ်ပဲနဲ့ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် တက္ကသိုလ်အလိုက်မှာပါ တကသ အဆောက်အအုံတွေ ကျောင်းသားသမဂ္ဂ ရုံးခန်းတွေ ထည်ထည်ဝါဝါနဲ့ တည်ရှိလာဖို့အတွက်ကို ဒီလိုအခမ်းအနားတွေကနေပြီးတော့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ မီးမောင်းထိုးပြခဲ့ပါတယ်၊ လူငယ်ကျောင်းသားတွေကြားမှာ ပြန်ပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ သမိုင်းကြောင်းတွေ အဲ့အချိန်မှာ အဲ့သမိုင်းဟာ တကယ်ဖြစ်ခဲ့တယ်ဆိုတာသိဖို့အတွက်က ကျွန်တော်တို့ ဒီလိုအခမ်းအနားမျိုးတွေ များများကျင်းပပေးရလိမ့်မယ်"

တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၄ ခု စုပေါင်းပြီး ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာကျင်းပတဲ့ ဒီအခမ်းအနားမှာ အတိတ်က ကျောင်းသားတွေရဲ့ သမိုင်းကို မျိုးဆက်သစ်ကျောင်းသားတွေသိရှိအောင် ကျင်းပတာဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာပြုလုပ်တဲ့ ဇူလိုင် ၇ အခမ်းအနားကိုတော့ အထက်ဗမာပြည် (ဗကသ) များအဖွဲ့ချုပ်က ဦးဆောင်ပြီး မဟာအောင်မြေမြို့နယ်အတွင်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ဦးအောင်မှိုင်းဆန်းက RFA ကို အခုလို ပြောပါတယ်။

" ၆၂ ခုနှစ်ကတည်းက ကျွန်တော်တို့ သမဂ္ဂမျိုးဆက်အဖျက်ခံခဲ့ရတာ အဲ့အဖျက်ခံခဲ့ရတဲ့ မျိုးဆက်အဟောင်းတွေရယ် အခုဒီနောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ မျိုးဆက်အသစ်တွေရယ် အဲ့မျိုးဆက်တွေ ပေါင်းစည်းနိုင်အောင်၊ ပေါင်းစည်းမိပြီဆိုရင်လည်း ပိုပြီးတောခိုင်မာတဲ့ ပေါင်းစည်းမှုတစ်ခု ဖြစ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်ရယ် နောက်မျိုးဆက်သစ်တွေ ဒီထက်ပိုပြီးတော့ ထွက်ပေါ်လာအောင်ဆိုပြီးတဲ့ ဒုတိယရည်ရွယ်ချက်နဲ့ ကျင်းပတာပါ"

အလားတူ ဇူလိုင် ၇ ရက် အခမ်းအနားတွေကို တောင်ကြီး၊ မကွေးနဲ့ လွိုင်ကော်မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားတွေ မြို့အများအပြားမှာ ကျင်းပခဲ့ပုံကို မဇင်မာဝင်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။