စစ်အစိုးရရဲ့ ရေဒါစက်ရုံ ဆောက်လုပ်ရေး မြောက်ကိုရီးယား အကူအညီပေးနေ

ကျောက်ဆည်မြို့အရှေ့ဘက် ၁၇ မိုင်လောက် အကွာက ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေးစီမံကိန်း ဆိုင်ရာ ဓာတ်ပုံတွေ ပါတဲ့ အင်တာနက် သတင်းတွေ မနေ့က ထွက်ပေါ်လာခဲ့ပါတယ်။

2011.01.17
shwe_mann_n_korea_air_defense_305_z ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော် ကာကွယ်ရေး ဝန်ကြီးဌာနတွင် လေကြောင်းကာကွယ်ရေး အမိန့်ပေး ထိန်းချုပ်စနစ် အကြောင်းကို ၂၀ဝ၈ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ရေဒါစက်ရုံ စီမံကိန်းကို ၂၀၀၇ ခုနှစ်လောက်ကတည်းက စတင် အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ စစ်ရေး လျှို့ဝှက်စီမံကိန်းတွေကို ဖော်ထုတ် တင်ပြခဲ့တဲ့ ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ကလည်း သူ တာဝန်ထမ်းဆောင်နေခဲ့တဲ့ ကာလအတွင်း မြန်မာပြည်မှာ ရေဒါနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ပညာရှင်တွေက သင်တန်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ရေဒါသင်တန်းတွေကို ပေးနေတာ ကြာပါပြီ။ မြောက်ကိုရီးယား ပညာရှင်ကနေပြီးတော့ မြန်မာပြည်က အင်ဂျင်နီယာတွေကို ရေဒါသင်တန်းတွေ ပေးနေတာ ရှိတယ်။ အဲဒီသင်တန်းနဲ့ ဆက်စပ်ပြီးတော့ ရေဒါထုတ်လုပ်မယ့် စက်ရုံလည်း ကျောက်ဆည်ဘက်မှာ ဆောက်နေတယ်လို့ ကြားပါတယ်။ အဲဒီစက်ရုံမှာ တာဝန်ကျတဲ့ အရာရှိတွေနဲ့လည်း ကျနော် တွေ့ခဲ့ဖူးပါတယ်”

ရေဒါ ထုတ်လုပ်တဲ့ နည်းပညာကို မြန်မာပြည်မှာ စတင် ကြိုးစားနေတဲ့ အစဦးအဆင့်ပဲ ရှိသေးတယ်လို့လည်း ဗိုလ်မှူးစိုင်းသိန်းဝင်းက ပြောပါတယ်။ နိုင်ငံ တနိုင်ငံအနေနဲ့ ရေဒါစက်ရုံလိုမျိုး လုပ်ငန်းတွေ တည်ဆောက်ခွင့် ရှိပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ် ပိတ်ပင်ထားချိန်မှာ အခုလို ဆောင်ရွက်တာဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို စစ်အစိုးရက လိုက်နာမှု မရှိဘူး ဆိုတဲ့သဘော သက်ရောက်နေတယ်လို့လည်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း စက်ရုံတွေကို လေကြောင်းက တိုက်ခိုက်လာနိုင်တဲ့ နေရာတွေနဲ့ ဂြိုလ်တုကနေ ဖမ်းယူ ထောက်လှမ်းနိုင်မယ့် နေရာတွေ ရှောင်ကွင်းပြီး တောတောင်ထူထပ်တဲ့ နေရာတွေမှာ တည်ဆောက်လေ့ရှိတာပါ။ ဒီအတွက်လည်း ငွေကြေး အကုန်အကျ အများကြီး သုံးစွဲရတယ်လို့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဆိုပါတယ်။

ဖျောက်ဆိတ်ပင် ရေဒါစက်ရုံကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဦးစီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။