ဒေါ်အောင်ဆန်းစုကြည်က ပြောရင် တကမ္ဘာလုံးက အလေးထား လက်ခံမှာဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ တင့်တင့်တယ်တယ် နေရာရ ဝင်ဆန့်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီ လိုတယ်ဆိုတာ မြန်မာအစိုးရသစ်ကို နားချဖို့ လိုကြောင်း အိန္ဒိယကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် တဘက်တချက်စီမှာ ရှိကြတဲ့ အိန္ဒိယနဲ့ ထိုင်း နှစ်နိုင်ငံအကြား မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းနဲ့ အိန္ဒိယအကြား ငွေမဲ ခဝါချမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေမှာ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ တိုးမြင့်ဆက်ဆံရေးကို အထူးသဖြင့် ဆွေးနွေးဖို့ရှိပြီး တဘက်မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ သဘောထား တူညီတယ်လို့ အိန္ဒိယထုတ် The Hindu သတင်းစာနဲ့ မေးမြန်းခန်းမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ခါဆစ် ဖီရွမ်က ဖြေကြားပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ငြင်းဆန်ရင်း တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့် ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးကိစ္စတွေမှာ မြန်မာ စစ်အစိုးရကို စည်းရုံး တိုက်တွန်းရေးတွေမှာ သဘောထားတူတယ်လို့ မစ္စတာ ခါဆစ်က ဆိုပါတယ်။
မစ္စတာခါဆစ်ဟာ ထိုင်းဝန်ကြီးချုပ် အဘိဆစ်ရဲ့ အိန္ဒိယခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။