HIV/AIDS ဂေဟာနဲ့ ပတ်သက်လို့ စစ်အစိုးရ ရေးသားချက် ရန်တိုက်သလို ဖြစ်နေ

နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လစ်ထားတဲ့ HIV-AIDS လူနာတွေထားတဲ့ ဂေဟာဟာ ပတ်ဝန်းကျင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက် ဖယ်ရှားပေးဖို့ အမိန့်ပေးထားကြောင်း စစ်အစိုးရ သတင်းစာတွေမှာ ဒီကနေ့ ရေးသား ဖေါ်ပြထားပါတယ်။

လူနာတွေအနေနဲ့ ရပ်ကွက်အတွင်း နေထိုင်ဘို့ မသင့်ကြောင်း လူနာ အချင်းချင်း ရောဂါ ပြန့်ပွားနိုင်သလို ရပ်ကွက် အတွင်းပါ ကူးစက်မူတွေ ဖြစ်နိုင်တာကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ပြောင်းရွေ့ဖို့ ညိုနှိုင်းတာ ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒီရေးသားချက်နဲ့ ပတ်သက်ပြီး လူနာတွေကို ကြည့်ရူစောင့်ရှောက်နေတဲ့ တာဝန်ခံ မဖြူဖြူသင်းက ရပ်ကွက်နဲ့ မိမိတို့ကို ရန်တိုက်ပေးတဲ့ ပုံစံဖြစ်တယ် ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရူပြီးနောက် ရပ်ကွက်အာဏာပိုင်တွေက လူနာတွေ အတွက် ဧည့်စာရင်း ထုတ်မပေးတော့ဘဲ နိုဝင်ဘာ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဘို့ ပြောဆိုထားသလို လူနာတွေကို သာကေတ ဆေးရုံကို ပြောင်းရွေ့ဖို့ ကျန်းမာရေး ဝန်ကြီးဌာန ကလည်း လာရောက် ညှိနှိုင်းတာ ဖြစ်ပါတယ်။ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းကို NLD လူမှု အထောက်အကူပြု အဖွဲ့က ရန်ကုန်တိုင်း အတွင်း ဂေဟာ ၃ ခုကို ၂၀၀၂ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ စတဲ့ မြို့နယ်တွေက ဝေဒနာရှင်များ အများဆုံး လာရောက်ကြတာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့ ဂေဟာ တာဝန်ခံ မဖြူဖြူသင်းနဲ့ ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00