မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့ မြို့မဈေးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လဝါးယန် ပြည်သူ့စစ်အဖွဲ့က ဗိုလ်မှူးနော်ဆန်းဆိုသူ သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက အခုလိုပြောပါတယ်။

"ဗိုလ်မှူးနော်ဆန်းက လဘက်ရည်သောက်ပြီးအပြန်ပေါ့နော၊ အဲဒီသူ့ကားဘေးမှာ ရပ်လိုက်တဲ့အချိန်မှာ ကားရဲ့အနောက်နားလေးမှာရှိထားတဲ့ ဆိုင်ကယ်တစ်စီးထဲကနေ ထပေါက်ကွဲတာပေါ့။ သူ့ရဲ့ကားလည်း ညာဘက်အခြမ်းက ရစရာမရှိအောင် ဇကာပေါက်ဖြစ်သွားတာပေါ့နော်။ ဗိုလ်မှူးနော်ဆန်းက ဆုံးသွားရှာ ပါတယ်။ တစ်ယောက်ကဒဏ်ရာရတယ် အဲဒီဒဏ်ရာကလည်း ပြင်းပြင်းထန်ထန်ဖြစ်တဲ့ အတွက် ဗန်မော်ဆေးရုံကို ခေါ်သွားတယ်ဗျ"

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သူတွေထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဗန်းမော်ဆေးရုံကိုပို့ဆောင် ပြီး ဆေးကုသနေရတာဖြစ်ပါတယ်။

အဲဒီပေါက်ကွဲမှုဟာ ဆိုင်ကယ်မှာ မိုင်းတပ်ဆင်ထားပြီး တမင်ကြံစည်လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း မိုးမောက်မြို့ ခံတွေက ယူဆနေကြပါတယ်။

လတ်တလောအနေအထားမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ဘယ်အဖွဲ့အစည်းက ဖောက်ခွဲမှုကို ကျူးလွန်တယ် ဆိုတာ အတိအကျ မသိရှိရသေးဘူးလို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

ကချင်ပြည်နယ်က မြို့ရွာတွေအတွင်း အများပြည်သူသွားလာနေကြတဲ့ နေရာတွေ၊ လမ်းတံတားတွေ၊ တောတောင် စိုက်ခင်းတွေအနီးမှာ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။