မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ

ဒီကနေ့ မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့သိရပါတယ်။

2012.04.29

မိုင်တိုင်အမှတ် ၆၁၆/၁၂ ၊ တံတားအမှတ် ၅၃၄ မှာ မိုင်းကွဲရာမှာ တွဲ ၈ တွဲ တိမ်းမှောက် သွားပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"စက်ခေါင်းအနောက်က သုံးတွဲမြောက် တဲ့တဲ့မှာ ပေါက်ကွဲတယ်။ ၃ တွဲက ကြမ်းပြင် ပေါက်ထွက်သွားတယ်။ ၃ တွဲရဲ့ နောက်က တွဲတွေကတော့ လမ်းချော်သွားတယ်။ စီးလာတဲ့ ဦးမျိုးမင်းထိုက် ခြေထောက်ကျုးိသွားတယ်။ ဦးခန်းမှာ စီးလာတဲ့ ကိုရင်တစ်ပါး ခြေမျက်စေ့ ကွဲသွားတယ်ပြောတယ်။ အသေအကျောက်တော့ မရှိဘူးဗျ။"

အခု အချိန်မှာ အစုန်-အဆန် ရထား ခရီးစဉ်တွေ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

အလားတူ မြန်မာ-တရုတ်နယ်စပ်မြို့ မူဆယ်မှာလည်း မနေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားသွားပါတယ်။ ရဲကားတစီးကို လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးနဲ့ မနေ့ည ၉ နာရီခွဲလောက်က လှမ်းပစ်ရင်း ဗုံးပေါက်သွားတဲ့အတွက် ဖောက်ခွဲတဲ့လူ သေဆုံးသွားတာပါ။ မော်တော်ဆိုင်ကယ်စီးလာသူ တစ်ဦးက ရဲကားကို လှမ်းပစ်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ရဲကားကို လှမ်းပစ်တာ။ စိန်ရတနာ ဟိုတယ်ရဲ့ အရှေ့ လမ်းအကွေ့ပေါ့နော်။ မြို့ပတ်လမ်း အစမှာ။ ည ၉ နာရီခွဲလောက်မှာ ဖြစ်တယ်ထင်တယ်။ ထိသွားတဲ့သူကတော့ လက်တွေဘာတွေ ပြတ်သွားတာပေါ့။ ခေါင်းကိုလည်း တခြမ်းထိတယ်ပြောတယ်။ ရဲကိုတော့ မထိသွားဘူး။ လက်လုပ်ဗုံးလို့ ပြောတယ်။ ဗုံးက မကောင်းတော့ ပစ်နေရင်းနဲ့ ကွဲတာ။ ခွဲတဲ့လူက သေသွားတယ်။ အိတ်ထဲမှာတော့ လက်နက် တစ်လက်ပါတယ်လို့တော့ ပြောသံကြားတယ်။"

ဒီဗုံးဖောက်ခွဲသူဟာ ဘယ်သူဘယ်ဝါမှန်း အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။