ကချင်ပြည်နယ်ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်းဆန်းပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီထားတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြားလိုက်ပါတယ်။
အခုလို ပူးပေါင်းဆောင်ရွက်သွားရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်ဆန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် မစ္စတာ လီကျိမ်ရန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို အခုလိုပြောပါတယ်။
"နယ်စပ်ချင်းထိစပ်နေတဲ့ သူတို့ပြည်နယ်ခွဲနဲ့ ကျနော်တို့ ကချင်ပြည်နယ်နဲ့ပေါ့၊ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍတွေ ဒါတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကဏ္ဍတွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ မူအားဖြင့်ညှိနှိုင်းတာပါ၊ သူတို့ကလည်းပဲ ကြိုတင်ပြီးတော့မှ ဆွေးနွေးတဲ့သဘောပါပဲ၊ ပေါင်းဆန်းပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူးနဲ့ ပါတီအတွင်းရေးမှူးက ဦးဆောင်ပြီးတော့လာတာပါ"
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်နိုင်ငံအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ ပေါင်းဆန်းပြည်နယ်တွေဟာ ကချင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေ တဲ့ဒေသဖြစ်ပါတယ်။