မိုးကောင်းမြို့နယ်မှာ စစ်တပ်အသိမ်းခံ လယ်ဧက ၅ဝဝ အနက် ၈၆ ဧကသာ ပြန်ရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း စစ်တပ်ကသိမ်းထားတဲ့ လယ်မြေဧက ၅ဝဝ အနက် ၈၆ ဧကသာ ပြန်လည်ရရှိသေးကြောင်း လယ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လယ်သမားတွေအသိမ်းခံရတဲ့ လယ်မြေတွေအနက် ရဲတပ်ဖွဲ့က သိမ်းထားတဲ့မြေတွေရှိသလို စရဖက သိမ်းထားတဲ့လယ်မြေတွေလည်းရှိတဲ့အကြောင်း လယ်သမားသမဂ္ဂ ပေါ်ထွန်းရေးဆောင်ရွက်ဖို့ မိုးကောင်းမြို့ ကို ရောက်ရှိနေတဲ့ မစုစုနွေးနဲ့အဖွဲ့ကို လယ်သမားတွေက တင်ပြတာပါ။ လယ်မြေများအသိမ်းခံရတာနဲ့ ပတ်သက်ပြီး လယ်သမားတွေ အထက်အဆင့်ဆင့်ကို တင်ပြတာတွေမှာ လိုအပ်ချက်တွေရှိနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

မိုးကောင်းဒေသက လယ်သမားတွေ အခုနှစ်ရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲအဖြစ် ေဒသ ပတ်ဝန်းကျင် ရေစီးရေလာမကောင်းတာကြောင့် ရေကြီးမှာကို စိုးရိမ်နေရတယ်လို့ လယ်သမား ဦးမောင်ညွန့်က ပြောပြပါတယ်။

ဒါ့အပြင် လယ်သမားတွေက အစိုးရကထုတ်ပေးတဲ့ တစ်ဧကတစ်သိန်းနှုန်း ချေးငွေဟာလည်း လုပ်ကိုင်တဲ့လယ်မြေဧကတူပေမဲ့ လယ်သမားတစ်ဦးနဲ့ တစ်ဦးချေးငွေရရှိတာ မတူညီဘူးလို့ပြောပါတယ်။ တဆက်တည်း ချေးငွေတွေဟာ နောက်ကျပြီးမှရရှိတာကြောင့် တကယ်တန်းလုပ်ငန်းခွင် ဝင်တဲ့အချိန်မတိုင်ခင် ငွေများလက်ဝယ်ရရှိဖို့ လိုအပ်တယ်လို့ လယ်သမားတွေက ပြောသွားပါတယ်။