ဇန်နဝါရီလ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ က ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဖါးကန့်မြို့မှာ ကျင်းပခဲ့ ပါတယ်။
ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဖွွံှဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့မနက်ကကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောပါတယ်။
“နယ်မြေ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ကချင်ပြည်နယ်တစ်ခုလုံးဟာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး အခုအချိန်ခါ မှာ ပြည်သူပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးကို လွန်စွာမျှော်လင့်တောင့် တလျှက်ရှိပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး ဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကြီးမားတဲ့ဆန္ဒလည်းဖြစ်ပါတယ်၊ ဒေသအတွင်းမှာ ထာဝရ တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးမှုအရှိန် ရပ်တန့်နေမှာဖြစ်တဲ့အတွက် ယနေ့တက်ရောက်လာကြတဲ့ တိုင်းရင်းသား ပြည်သူအားလုံးက ငြိမ်းချမ်းရေးရရှိရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ခရစ်ယာန် ဘာသာဆရာတွေ၊ မြို့မိမြို့ဖတွေနဲ့ NLD ပါတီဝင်တွေ ပူးပေါင်းပြီး မြစ်ဆုံရှုခင်းပုံဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်။
အလားတူ ဖားကန့်မြို့မှာလည်း ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဒီနှစ်ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။