ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် ဒီကနေ့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို အခုလို ပြောပါတယ်။

"ဖားကန့်ဒေသမှာရှိတဲ့ ဆရာတော်ကြီးတွေ၊ နောက်ပြီးတော့ ရိုမင်ကက်သလစ်ဘာသာ၊ နှစ်ချင်းဘာသာအားလုံးပေါ့ဗျာ။ ခရစ်ယာန်က ဂိုဏ်းဆရာတွေ၊ ဖာသာတွေရော အားလုံး ပါပါလိမ့်မယ်။ မြို့မိ မြို့တွေပါမယ်။ ရပ်မိ ရပ်ဖတွေ အားလုံးပါမယ်။ အားလုံးဆုတောင်းပြီး ငြိမ်းချမ်းရေး တောင်းဆိုတဲ့ လက်မှတ်ထိုးပွဲ လုပ်ကြပါမယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပါဝင်လက်မှတ်ထိုးပါမယ်။ အဲဒီစာရွက်တွေကို ဖားကန့်ဒေသက ပြည်သူတွေအားလုံး ပူးပေါင်းမယ်လို့ ကတိစကားရထားတာ အင်မတန်ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားပြီး တောင်းဆိုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အောင်မြင်ဖို့အတွက် အားလုံးက ဆန္ဒပြုထားတာသိရလို့ ဝမ်းသာပါတယ်"

ဒီကနေ့ နေ့လည်ပိုင်း ၃ နာရီခွဲလောက်က ဖားကန့်မြို့ မြို့မရပ်ကွက် မဏိဇေယျုံ ဘုန်းကြီးကျောင်းမှာ ဖားကန့်ဒေသက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သင်းအုပ်ဆရာတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ မြို့မိ မြို့ဖတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အခုလို လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာပါ။

ကချင်ပြည်နယ်လူထုရဲ့ ငြိမ်းချမ်းရေး မေတ္တာရပ်ခံစာကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖတ်ကြားပြီးတော့ တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ အခုလို အတည်ပြုလိုက်တာပါ။

"ဖားကန့်ဒေသ ငြိမ်းချမ်းပါစေ။ ကချင်ပြည်နယ် ငြိမ်းချမ်းပါစေ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ။ ဖားကန့်ဒေသကြွေးကြော်သံတွေဟာ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပါစေ။ ကမ္ဘာကသိနိုင်ပါစေ"

စုပေါင်း လက်မှတ်ရေထိုးထားတဲ့စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO)တို့ကိုလည်း ပေးပို့လိုက်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီကနေ့ ရဝမ်ကုန်း၊ မမုံ၊ ဆိပ်မူ(ဆိုင်းတောင်)စတဲ့ ဖားကန့်မြို့နယ်အတွင်းက ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီး မနက်ဖြန်မှာတော့ မိုးကောင်းခရီးစဉ်ကို စတင်မယ်လို့ သတင်းရရှိပါတယ်။