ပြည်သူနဲ့ တပ်မတော် ညီညွတ်ဖို့ ကချင်ဝန်ကြီးချုပ် ပြော

နိုင်ငံတော်ကို အကာအကွယ်ပေးတဲ့ တပ်မတော်၊ ဝန်ထမ်းတွေနဲ့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ဖို့ လိုအပ်တဲ့အကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သူ့ရဲ့ ပထမဆုံးအကြိမ် ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်သစ် ဒေါက်တာခက်အောင်က အခုလို ပြောပါတယ်။

"ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်နဲ့ပြည်သူကို အကာအကွယ်ပေးတဲ့ တပ်မတော် အဖွဲ့အစည်း၊ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်ဖို့လိုပါတယ် ၊ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းမှ ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ခံ အကြီးအကဲများအနေနဲ့ လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနဲ့ ဝန်ထမ်းများကို ကြပ်မတ်ပြီးတော့ လမ်းညွှန်စီမံဆောင်ရွက်ဖို့ လိုမှာလည်းဖြစ်ပါတယ်"

ဒါ့အပြင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင် သွားမှာဖြစ်သလို အခွန်ကောက်ခံရာမှာ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြော ပါတယ်။

ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ ရာထူးတိုးတက်ရေးကိစ္စအတွက် နယ်ဒေသမှာ လာရောက် တာဝန်ထမ်းဆောင် ရတယ်ဆိုတဲ့ သဘောမျိုးမထားကြဘဲ ကချင်ပြည်နယ် ဖွံ့ဖြိုးစေရေးအတွက် အားတက်သရော ဝိုင်းဝန်းဆောင် ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ လွှတ်တော်မှာ ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ၆ ဦး ကတိသစ္စာပြုလိုက်ပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဖြစ်သူ ဦးနေဝင်းက ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တည်ငြိမ်အောင် အရင်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"ကုန်ဈေးနှုန်းကျဆင်းဖို့ ပြည်သူတွေ သူတို့ရဲ့စားဝတ်နေရေးအတွက် မှန်ကန်တဲ့ဟာဖြစ်ဖို့ ကျနော်ကြိုးစားမယ်၊ ကုန်ဈေးနှုန်းကျဆင်းဖို့ အဓိက လမ်းပန်းဆက်သွယ်ရေးကောင်းရမယ်၊ အထူးသဖြင့် လေလံကိစ္စနဲ့ သားငါးဈေးနှုန်းတွေ ကျဆင်းဖို့က အဓိကကျတယ်လို့ ကျနော်ထင်ပါတယ်၊ ကျနော်တို့က ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်စလုပ်ရပါမယ်၊ ပြည်ထောင်စုက ချမှတ်ထားတဲ့မူဝါဒနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ပြီးရင် ကျနော်ထင်ပါတယ် မကြာခင်ကုန်ဈေးနှုန်းလည်း ကျဆင်းသွားမှာပါ"

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေဖြစ်တဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လမ်း ပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီး ဦးမြသိန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်၊ စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်း နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ကြတာပါ။

အဲ့ဒီဝန်ကြီး ၆ ဦးမှာ ၅ ဦးက အန်အယ်လ်ဒီပါတီက ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တစ်ဦးသာ ပြင်ပက ပညာရှင်ဖြစ်ပါတယ်။