မြစ်ကြီးနားမြို့ KBC ခရစ်ယန်ဘုရား ကျောင်းဝင်းနောက်မှာ ကချင်ပြည်နယ် စစ်ဖြစ်ပွားတာ တနှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရတဲ့အကြောင်းကို ပွဲစီစဉ်သူ ကချင်လူငယ် တစ်ယောက်က အခုလို ပြောပြပါတယ်။
"စစ်ပြေးဒုက္ခသည်အရေးကို လူငယ် တစ်ရပ်လုံး ပါဝင်ဆောင်ရွက်လာဖို့ နောက်ပြီးမှ စစ်အတွက် ဆုတောင်းတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ပေါ်က လူငယ်တွေနဲ့ ဝိုင်းမော်မြို့ပေါ်က လူငယ်တွေကို ခေါ်တာပါ။ လွန်ခဲ့တဲ့ ဖြစ်ပျက်တဲ့ သမိုင်းကြောင်းတွေကို ကျနော်တို့ Presentation လုပ်တယ်။ နောက်ပြီးမှ ဆုတောင်းစည်းဝေးတာ လုပ်တယ်။ ကျနော်တို့ IDP စစ်ပြေး ဒုက္ခသည်များ ဘယ်လိုအခြေအနေရှိတယ် ဆိုတာကို ကျနော်တို့ ဓါတ်ပုံရိုက်ပြီးမှ လူငယ်တွေ ပိုပြီးမှ နားလည် သဘောပေါက်လာအောင် ပိုပြီးမှ သိရှိလာအောင် ဓာတ်ပုံပြပွဲ အနေနဲ့ လုပ်တာပါ။"
သူတို့ရဲ့ ဆုတောင်းပွဲကို အာဏာပိုင်တွေက တစုံတရာ နှောက်ယှက်တာမရှိဘူးလို့ လဲ သူကပြောပါတယ်။ အခုလို တနှစ်ပြည့်အထိမ်းမှတ်ကျင်းပရတာဟာ လူငယ်တွေအတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
"လူသားမျိုး လွတ်မြောက်လာနိုင်ရေး နဲ့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ လူငယ်တွေ နားလည် သဘောပေါက်ပြီး ပိုမိုပါဝင်လာနိုင်ရန်အတွက် ဖြစ်ပါတယ်။ နောက် နံပတ် သုံးက Refugee အရေး လုပ်ဆောင်ရာမှာ လူငယ်တွေ ပိုမိုပါဝင်လာနိုင်ရန်၊ နောက်ပြီးတော့ စစ်ဘေးဒဏ်ခံရတဲ့ အခြေအနေတွေကို လူငယ်တွေ ပိုပြီး သဘောပေါက်လာရန် ရည်ရွယ်ချက်တွေ ရှိပါတယ်။"
ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲတွေကြောင့် စစ်ဖြစ်ရာ ဒေသအတွင်းက ပြည်သူတွေ စစ်ဘေးလွတ်ရာ တရုတ်-မြန်မာနယ်စပ်၊ ပြည်တွင်း ဒုက္ခသည်စခန်းနဲ့ မြစ်ကြီးနား၊ ဗန်းမော်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရသလို တချို့ဆိုရင် တရုတ်နိုင်ငံဘက်မှာ ထွက်ပြေး တိမ်းရှောင်နေကြရ ပါတယ်။ အခုလို တနှစ်ပြည့်သွားတဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ ဒုက္ခသည် စုစုပေါင်း ၇၀၀၀၀ ကျော်သွားပြီး အကူအညီတွေလည်း အမြဲတမ်း လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်ပွဲတွေရပ်ဆိုင်းဖို့ အတွက် ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ အခုအချိန်အထိ တိကျတဲ့ သဘောတူညီချက်တွေ မရရှိသေးသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
အခုလို စစ်ပွဲတနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို အင်္ဂလန်၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။
