ကချင်ပြည်နယ်မှာ သနပ်ခါးရောင် မိုးတွေရွာ

ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ် မြန်မာနယ်စပ်အနီးက လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသမှာ အခုရက်ပိုင်းအတွင်း သနပ်ခါးရောင် အနီရောင်စတဲ့ မိုးမျိုး ရွာသွန်းခဲ့တဲ့အတွက် သက်သေခံ အထောက်အထားတွေကို ရယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ဖို့ ကေအိုင်အေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မိုင်ဂျာယန် ဒေသမှာ မိုးရွာတာလည်း မဟုတ်ဘဲ ဝါကျင်ကျင် အရောင် အရည်တွေ ကျခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ကြားက ကန်ဝံရွာနားမှာ အနီရောင် အမှုန့်လိုမျိုး ကျခဲ့တာကြောင့် သီးနှံပင်တွေ သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေက ပြောကြောင်း သိရပါတယ်။ ကန်ဝံရွာနားမှာ ကျခဲ့တဲ့ အနီရောင်လို အမှုန့်တွေ အကြောင်းကိုတော့ နောက်ထပ် ကေအိုင်အို အရာရှိတစ်ဦးက အခုလို ပြောပါတယ်။ “မဖြစ်ခင် လေယာဉ်တစ်စီးပေါ်က ကြဲသွားတာလို့ ပြောတယ်။ လေယာဉ် သုံးနိုင်တာ ဆိုလို့ အစိုးရတပ်ပဲ ရှိတာပေါ့။ သွားကြည့်တဲ့ လူတွေလည်း မူးတာတွေ အော့အန်တာတွေ ဖြစ်တယ်” အခုလို အရောင်ပါတဲ့ မိုးလိုရွာသွန်းတဲ့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန် ဒေသတွေဟာ ကေအိုင်အို တပ်မဟာ ၃ အခြေစိုက်ရာ ဒေသဖြစ်ပြီး မြန်မာအစိုးရ တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေလို့လည်း ကေအိုင်အေ အရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ရွာချခဲ့တဲ့ သနပ်ခါးရောင်လို မိုးကြောင့် သီးနှံပင်တွေပါ အဆိပ်သင့်သလို ဖြစ်တဲ့အတွက် ဒေသခံတွေ ဟင်းသီးဟင်းရွက် မစားကြဖို့ ကေအိုင်အိုက ပိတ်ပင် ထားတယ်လို့လည်း ကချင်သတင်းဌာနက ဖော်ပြထားပါတယ်။