အဲဒီစခန်းတွေမှာ အဓိက လိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တစ်ခုမှာ ရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက်က အခုလိုပြောပါတယ်။
"နာရေးကူညီမှုအသင်းက ၂ ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ်။ ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာတော်တစ်ပါး ပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ဝှီးချဲတို့၊ ဒေါက်တို့၊ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင် တွဲလက်များ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်က ရောက်ထားတော့ ကျွန်တော်တို့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ၊ နောက်ပြီး ဒီဘက်ကလုပ်တဲ့ ဟာလေးတွေ ပြန်ပေးတာတို့ ရှယ်တာပဲ ရှိတယ်ခင်ဗျ။ ကျန်တဲ့လှူတာတို့ မပါသေးဘူးခင်ဗျ။ ဒီအခေါက်မှာက။ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပညာရေး စာအုပ်စာတမ်းတွေ ပါလာတယ်၊ မန္တလေးအဖွဲ့လှူတာက။ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှူကြတယ်"
ကေအိုင်အို ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မီတီ ဥက္ကဋ္ဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီတွေ လိုအပ်နေဆဲပဲလို့ ပြောပါတယ်။ အခု ပြည်တွင်းက အကူအညီပေးရေး အဖွဲ့တွေ ရောက်နေတဲ့ တရုတ် မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ ခုမှာ ဒုက္ခသည် ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်းက ရောက်လာသူတွေ ဖြစ်ကြပါတယ်။
