ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် နာရေးကူညီမူအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၃၀၀ မတည်ပြီး အကူအညီတွေ မနေ့က စတင် ပေးနေကြောင်း သိရပါတယ်။
RFA
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို တခြားအဖွဲ့တွေ၊ ကချင်ပြည်နယ်ဒေသခံ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။
ဒီလုပ်ငန်းတွေ ဆောင်ရွက်ရေးအတွက် မူလက ကျပ်သိန်း ၁၅၀ ကျော် မတည်ဖို့ လျာထားခဲ့ပေမယ့် လက်တွေ့မှာ အကူအညီတွေ အများအပြား လိုအပ်နေတာ တွေ့ရတာကြောင့် ကျပ်ငွေ သိန်း ၁၃၀ ထပ်တိုးပြီး ကူညီဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဦးကျော်သူက ပြောပါတယ်။
အလားတူ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်တွေကို တတ်နိုင်သလောက် ကူညီနေပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ လောက်က မိုင်းနားမြို့နယ် မခိုးရွာကနေ ထွက်ပြေးလာခဲ့ရတဲ့ ရွာသားတစ်ယောက်က အပစ်အခတ် အခက်အခဲတွေကြားက ထွက်ပြေးလာရကြောင်း၊ စိုက်ပျိုးထားတဲ့ လယ်မြေတွေ လက်လွတ်ဆုံရှုံးခဲ့ရကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။
လက်ရှိ ၀ိုင်းမော်မြို့က ဘုရားကျောင်းဝင်းအတွင်းနဲ့ အနီးအနားက ကျေးရွာထဲမှာ ၀ိုင်းမော်မြို့နယ် မိုင်ဆာယမ်ရွာဘက်ကနေ ထွက်ပြေးလာသူ စစ်ပြေးဒုက္ခသည် ၁၂၀ ကျော် ခိုလှုံနေတယ်လို့ သိရပါတယ်။
လက်ရှိအနေနဲ့ ကူညီရေးလုပ်ငန်းတွေကို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့အနီးအနားမှာသာ ဆောင်ရွက်နိုင်ပြီး ဒုက္ခသည်တွေ အများအပြား ခိုလှုံနေတဲ့ နယ်စပ်ဒေသတွေအထိ မသွားရောက်နိုင်သေးဘူးလို့ သိရပါတယ်။ ကေအိုင်အို အဆိုအရ တရုတ်မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည် စုစုပေါင်း သုံးသောင်း လေးထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် ကူညီရေးနဲ့ပတ်သက်ပြီး ဦးကျော်သူကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မှတ်ချက်များ
Click here to add your own comment