မြစ်ကြီးနားမြို့အခြေစိုက် ကချင်တိုင်းရင်းသားပါတီ ၃ ခု ပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တွေ က မြစ်ကြီးနားမြို့YMCA ခန်းမမှာ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ပါတီ ၃ ခု ပေါင်းစည်းရေး ဆွေးနွေးမှုက အလားအလာကောင်းတယ်လို့ ဆွေးနွေးပွဲ ဦးဆောင်သူ ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလတောင်က ပြောပါတယ်။
"ပေါင်းစည်းဖို့ အလားအလာကောင်းပါတယ်၊ သုံးပါတီ စလုံး မပေါင်းချင်နေပါစေ၊ နှစ်ပါတီလောက်ပေါင်း သွားအောင် ဆွေးနွေးပြီးတေ့ာ ကျနော်တို့အဲ့ဒါကို အကောင်အထည်ဖော်သွားမှာပါ၊ အခုကျတော့ ကောင်းတဲ့အခြေအနေဖက် ဦးတည်နေတယ်လို့ အဲ့လိုကျနော်မြင်တယ်၊ တစ်ပါတီတည်းသွားလို့ရှိရင် ထိထိမိမိနိုင်ငံရေးမှာ လုပ်သွားနိုင်တဲ့ အင်အားတစ်ရပ်အနေနဲ့ ဖြစ်ပေါ်လာဖို့ အဓိကရည်ရွယ်ပြီး ကျနော်တို့ကြိုးစားနေတာဖြစ်တယ်၊ ပြည်သူတစ်ရပ်လုံး တောင်းဆိုနေတဲ့အသံကို ကျနော်တို့ အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်"
တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ကချင်ပါတီတွေက ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ ကချင်ဒီမိုကရက်တစ်ပါတီ KDP နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ KNCD တို့ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ကချင် တိုင်းရင်းသား ပါတီ ၃ ခု၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖံ့ွဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း တိုင်းရင်းသားပါတီ ၅ ခု တည်ထောင်ခွင့်ရရှိထားပါတယ်။
