ကချင်ပြည်နယ်မှာ ကုလသမဂ္ဂ ယာဉ်တန်း ခရီးစဉ် ဆိုင်းငံ့ခံရ

0:00 / 0:00

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေဝေငှဖို့ ဗန်းမော်မြို့ကနေ လိုင်ဇာမြို့ကိုလာရောက်တဲ့ ကုလသမဂ္ဂ မော်တော်ယာဉ်တန်းကို အစိုးရတပ်ကသွားလာခွင့် ဆိုင်းငံထားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီယာဉ်တန်းမှာ နိုင်ငံခြားသားတစ်ဦး လိုက်ပါလာမယ်လို့ သိရတာကြောင့် ဆိုင်းငံ့ထားတာဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့(၄) ဖွဲ့ရဲ့ မော်တော်ယာဉ် (၇) စီးပါ ယာဉ်တန်းဟာ ဧပြီလ (၉) ရက်နေ့မှာ လိုင်ဇာကိုရောက်ရှိမှာဖြစ်ပေမယ့်၊ လိုင်ဇာမြို့အနီး မိုင်ဂျာယန်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က နိုင်ငံခြားသား ဖြတ်သန်းခွင့်အတွက် အထက်ကိုပြန်လည်တင်ပြဖို့ရှိတယ်ဆိုပြီး တားဆီးတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ ဦးတွဲတီဆာက အခုလို ပြောပြပါတယ်။

"သူတို့က ဧပြီ ၉ ရက်မှာ ဗန်းမော်ကနေ မိုင်ဂျာယန်အထိလာဖို့ ကမ်းလှမ်းထားတယ်၊ ညနေပိုင်းရောက်တော့ နိုင်ငံခြားသား မိုင်ဂျာယန်သွားခွင့်ကို ပြန်တင်ပြမယ်"

အခုလာရောက်တဲ့ ယာဉ်တန်းဟာ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ကဦးစီးပြီး ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တို့ပူးပေါင်းပြီး အကူအညီပေးဖို့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ဒုက္ခသည်တွေအတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လက ပစ္စည်းနဲ့ ရိက္ခာတွေ လာရောက်ပေးခဲ့ပြီး အခုဒုတိယအကြိမ် အဖြစ်လာရောက်တာ ဖြစ်ပါတယ်။

ကချင်ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းတွေက အကူအညီတွေ ပေးပို့နေရာမှာ KIO ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည်စခန်းတွေဆီကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ သွားရောက်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကူညီစောင်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။